နေပြည်တော်  ၂၄ စက်တင်ဘာ 

 

အိန္ဒိယနိုင်ငံ နတ်(ဂ)ပူးမြို့တွင် စက်တင်ဘာ(၂၃)ရက်မှ (၂၇)ရက်အထိ ကျင်းပ လျှက်ရှိသော International Buddhist Youth Conference အခမ်းအနား၌ စစ်ကိုင်းမြို့ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာပညာရေးစင်တာ ကျောင်းတိုက်၏ ပဓာနနာယကဆရာတော် ဘဒ္ဒန္တသောဘိတအား World Oustanding Buddhist Leader Award ဆုနှင့် နတ်(ဂ)ပူးမြို့၏ အကြီးကျယ်ဆုံးဆုဖြစ်သော Dr.B.R. Ambedkar International Buddhist Award ဆုတို့ကို ယနေ့ ချီးမြှင့်ခဲ့ကြောင်း သိရသည်။ 

 

ဆရာတော်သည် မကြာသေးမီကပင် ဆွီဒင်နိုင်ငံမှ ချီးမြှင့်သော ကမ္ဘာ့ဗုဒ္ဓ ငြိမ်းချမ်းရေးဆုကို လက်ခံရှိထားပြီးဖြစ်ကာ ယခုအခမ်းအနားကို နိုင်ငံပေါင်း (၂၈)နိုင်ငံမှ ဘာသာရေး ခေါင်းဆောင်များ၊ ပြည်နယ်အစိုးရများ၊ ဌာနဆိုင်ရာများ စုစုပေါင်း(၁၀ဝ၀)ဝန်းကျင်ခန့် တက်ရောက်ခဲ့ကြသည်။ 

 

အဆိုပါအခမ်းအနားတွင် ကမ္ဘာ့ဗုဒ္ဓဘာသာ ခေါင်းဆောင်ဆု(၅)ဆု (World Oustanding Buddhist Leader Award) နှင့် နတ်(ဂ)ပူးမြို့၏ အကြီးကျယ်ဆုံးဆု ဖြစ်သော Dr.B.R.Ambedkar International Buddhist Award ဆု(၅)ဆုတို့အား ဗုဒ္ဓဘာသာနှင့် ငြိမ်းချမ်းရေးကိစ္စများ၊ လူသားအကျိုးပြုလုပ်ငန်းများတွင် ကြိုးစား ဆောင်ရွက်ခဲ့ကြသော ပုဂ္ဂိုလ်များအား ခန့်အပ်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။ 

 

အခမ်းအနားတွင် ဆရာတော်က ကျေးဇူးတင်ဂုဏ်ပြုစကား မိန့်ကြားသည်မှာ " ယခုလက်ခံရရှိတဲ့ World Oustanding Buddhist Leader Award ဆုနဲ့ Dr.B.R. Ambedkar International Buddhist Award ဆုတို့ဟာဆိုရင် မြန်မာနိုင်ငံတစ်ခု တည်း အတွက်သာမက ဗုဒ္ဓဘာသာအဝန်းအဝိုင်း၊ အိန္ဒိယပြည်နှင့် ကမ္ဘာ့လူသားမျိုး နွယ်တစ်ခုလုံးအတွက် ငြိမ်းချမ်းရေးဖော်ဆောင်ပေးရမယ့်ဆုအဖြစ် မှတ်ယူလက်ခံ ထားပါတယ်။ ဒီဆုတံဆိပ်ကိုလက်ခံပြီး ဘုန်းဘုန်းအတွက် ကမ္ဘာလောကသားတွေ အပေါ် လူသားဖြစ်တည်မှုရဲ့ အစစ်အမှန်တန်ဖိုး၊ အကြမ်းမဖက်စစ်မှန်တဲ့ ငြိမ်းချမ်း ရေးကို တည်ဆောက်ရယူရမယ်လို့ သန္နိဋ္ဌာန်ချမှတ်ယုံကြည်ထားပါတယ်"ဟု မိန့်ကြားသည်။

 

ဆရာတော်သည် စစ်ကိုင်းမြို့ စစ်ကိုင်းတောင်ရိုး၌ ပရိယတ္တိစာသင်တိုက်၊ ဘုန်းတော်ကြီးသင်ပညာရေးအထက်တန်းကျောင်း၊ Center for Human Resources Development တို့ကို ဖွင့်လှစ်ထားရှိပြီး စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့တွင် လည်း သီတဂူဗုဒ္ဓတက္ကသိုလ်ကို တည်ထောင်ဖွင့်လှစ်ထားရှိကာ ဥရောပတိုက် နယ်သာလန်နိုင်ငံ အမ်စတာဒန်မြို့တွင်လည်း ဗုဒ္ဓဘာသာသာသနာပြုကျောင်း တည်ထောင်ဖွင့်လှစ်ထား ကြောင်းသိရသည်။

 

တင်မောင်(မန်းကိုယ်ပွား)