ညောင်ဦး ၂၆ စက်တင်ဘာ
ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် အနောက်ပုလင်းကျေးရွာအနီးတွင် ဖွင့်လှစ်ထားရှိသော ပလင်းကမ်း သာယာ ဆင်စခန်းသို့ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် ဝင်ရောက်မှု များပြားလျက်ရှိကြောင်း သိရသည်။
ဆင်စခန်းဝင်းအတွင်းတွင် ဆင်အရိုးစုပြတိုက်၊ ပြည်တွင်း ပြည်ပခရီးသွား ဧည့်သည်များ သက်သောင့်သက်သာ နားနေနိုင်စေရန် အညာဒေသ၏ အငွေ့အသက်များဖြစ်သော ထန်းရွက်မိုး ခြေတံရှည် တဲအိမ်များအား ဧရာဝတီမြစ် ကမ်းဘေးတွင် ဆောက်လုပ်ပေးထားကာ ခြေတံရှည်တဲပေါ်မှ မြစ်ဧရာ၏ အလှအပ များ ကြည့်ရှုခံစားနိုင်ခြင်း၊ ဆင်တဲများအား ကြည့်ရှုနိုင်ခြင်း၊ ခြေတံရှည်တဲပေါ်မှ သုံးဆောင်လိုသည့် အစား အစာများ မှာယူနိုင်ခြင်းနှင့် သစ်ပင်များတွင် ချိတ်ဆွဲထားသော ပုဂံဒေသထွက် အရုပ်များ ဆင်စခန်းလာ ရောက်သည့် ခရီးသွားဧည့်သည်များ ဓာတ်ပုံရိုက်ကူးနိုင်စေရန် စီစဉ်ပေးထားကြောင်း ဆင်စခန်း တာဝန်ခံ ဦးမျိုးမင်းကို (လက်ထောက်မန်နေဂျာ)က ပြောသည်။
ထို့အပြင် ပလင်းကမ်းသာယာဆင်စခန်းသို့ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ စိတ်အေးချမ်းသာစွာ အပန်းဖြေနေနိုင်ရန် ဖန်တီးပေးထားသော မြန်မာ့သစ်လုပ်ငန်းတွင် အသုံးပြုခဲ့သည့် တွဲမော်တော်ကြီးကို လည်း မြစ်ကမ်းပေါ်မှ အလွယ်တကူတက်ရောက်၍ ရှုခင်းကြည့်နိုင်ရန် စီစဉ်ပေးထားကာ ပြည်တွင်းခရီးသွား ဘုရားဖူးအများဆုံး တက်ရောက်၍ ရှုခင်းကြည့် ဓာတ်ပုံရိုက်ကြကြောင်း၊ နိုင်ငံခြားသားအများစုသည် ဆင်ရေချချိန်၊ ခြေတံရှည်နားနေဆောင်၊ ဆင်ဝန်ထမ်းများ နေထိုင်သည့် အိမ်များကို ပိုမိုစိတ်ဝင်စားကြ ကြောင်း၊ ဆင်အရိုးစု ပြတိုက်အား မြန်မာ/အင်္ဂလိပ်စာ နှစ်ဘာသာဖြင့် ဆင်အရိုးစု အညွှန်းများ ရေးထား သည့်အပြင် ပြတိုက်ထဲတွင် မြန်မာ့သစ်လုပ်ငန်းမှ သစ်ဖောင်ဆွဲခဲ့သည့် ပုံစံကိုလည်း ပြတိုက်ငယ်အဖြစ် ပြသပေးထားကြောင်း သိရသည်။
အဆိုပါ ပလင်းကမ်းသာယာ ဆင်စခန်းတွင် အရွယ်ရောက်ဆင်ကြီးငါးစီးနှင့် အမိနောက်လိုက် နှစ်နှစ်သား ဆင်တစ်ကောင်ရှိကာ ညောင်ဦးမြို့မှ ငါးမိုင်ခန့်သာကွာဝေးပြီး ညောင်ဦး - မြင်းခြံ - ပခုက္ကူကားလမ်းမှ အတွင်းဘက်သို့ ၂ ဖာလုံသာ ဝင်ရောက်လျှင် ပလင်းကမ်းသာယာ ဆင်စခန်းသို့ ရောက်ရှိနိုင်ကြောင်း၊ ဆင်စခန်းဝင်ကြေးမှာ ပြည်ပဧည့်သည်တစ်ဦးလျှင် တစ်သောင်းကျပ်ကောက်ခံပြီး ပြည်တွင်းဧည့်သည်တစ်ဦးလျှင် တစ်ထောင်ကျပ်ကောက်ခံကြောင်း၊ ရဟန်းသံဃာ၊ သီလရှင်၊ ဆယ်နှစ်အောက် ကလေးငယ် များအား ဆင်စခန်းဝင်းအတွင်း အခမဲ့ပေးဝင်ကြောင်း သိရသည်။
ပလင်းကမ်းသာယာဆင်စခန်းကို ပုပ္ပား၊ပုဂံ၊ညောင်ဦး၊ ပခုက္ကူမြို့များသို့ ဘုရားဖူးလာရောက်သည့် ခရီးသွားဧည့်သည်များ ခရီးလမ်းကြောင်းသင့်သဖြင့် လာရောက်လည်ပတ်လျက်ရှိပြီး ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ စည်ကားလျက်ရှိကြောင်း သိရသည်။
ကိုထိန်(ပြန်/ဆက်)