နေပြည်တော် ၂၈ စက်တင်ဘာ
မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည်များ ပိုမိုဝင်ရောက်လာရေးနှင့် မြန်မာနိုင်ငံ၏ ခရီးသွား လုပ်ငန်းမြှင့်တင်နိုင်ရေးအတွက် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံ သို့လာရောက်မည့် ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်၊ ဟောင်ကောင်နှင့် မကာအိုတို့မှ သာမန် နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူ ကမ္ဘာလှည့်ခရီးသည်များအား ၂၀၁၈ ခုနှစ် အောက်တိုဘာ(၁) ရက်မှ ၂၀၁၉ ခုနှစ် စက်တင်ဘာ(၃၀)ရက်အထိ စမ်းသပ်ကာလ (၁) နှစ်သတ်မှတ်၍ ပြည်ဝင်ဗီဇာ ဆိုင်ရာဖြေလျော့မှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
ယင်းသို့ ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံသို့လာရောက်မည့် ဂျပန်နှင့်တောင်ကိုရီးယားနိုင်ငံတို့မှ ကမ္ဘာလှည့်ခရီးသည်များနှင့် တရုတ်နိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများဖြစ်သော မကာအိုနှင့် ဟောင်ကောင်တို့မှ ကမ္ဘာလှည့်ခရီးသည်များအား ဗီဇာကင်းလွတ်ခွင့် (Visa Exemption) ဖြင့် အပြည်ပြည်ဆိုင်ရာ ဝင်/ထွက်ပေါက်များအဖြစ် သတ်မှတ်ထားသော ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်များ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း၊ မြန်မာ-ထိုင်း နယ်စပ်ရှိ တာချီလိတ်၊ မြဝတီ၊ ထီးခီးနှင့် ကော့သောင်းအပြည်ပြည်ဆိုင်ရာ ကုန်းတွင်းဝင်/ထွက် ပေါက်များ၊ မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးနှင့် ရိခေါဒါရ်အပြည်ပြည်ဆိုင်ရာ ကုန်းတွင်းဝင်/ ထွက် ပေါက်များမှ ဝင်ရောက်/ထွက်ခွာခွင့်ပြုမည် ဖြစ်သည်။
ထိုသို့ ခွင့်ပြုရာတွင် ကမ္ဘာလှည့်ဗီဇာ (Tourist Visa) တစ်မျိုးတည်းဖြင့် အလည်အပတ် အတွက်သာ ဝင်ရောက်ခွင့်ပြုပြီး ဗီဇာကင်းလွတ်ခွင့် (Visa Exemption) ဖြင့် ရက်ပေါင်း (၃၀) နေခွင့်ပြု၍ နေခွင့်သက်တမ်းထပ်မံတိုးမြှင့်ပေးမည်မဟုတ်ကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံသို့ လာရောက်လိုသည့် သာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူ တရုတ် နိုင်ငံသား ကမ္ဘာလှည့် ခရီးသည်များကိုလည်း လေကြောင်းခရီးစဉ်ဖြင့် အပြည်ပြည်ဆိုင်ရာ လေဆိပ်များဖြစ်သော ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်လာချိန်တွင် ကမ္ဘာလှည့်ဗီဇာကို ဆိုက်ရောက်ဗီဇာ (Visa On Arrival) စနစ်ဖြင့် ဝင်ခွင့်ပြုမည်ဖြစ်ပြီး ဆိုက်ရောက်ဗီဇာ အခငွေ အမေရိကန်ဒေါ်လာ (၅၀) ကောက်ခံ၍ ရက်ပေါင်း (၃၀) နေခွင့် ပြုမည်ဖြစ် သည်။ ကမ္ဘာလှည့်ဗီဇာ (Tourist Visa) တစ်မျိုးတည်းဖြင့် အလည်အပတ် ဝင်ရောက်ခွင့် ပြုမည်ဖြစ်၍ နေခွင့်သက်တမ်း ထပ်မံတိုးမြှင့် ပေးမည်မဟုတ်ကြောင်း သိရသည်။
ယင်းသို့ သတ်မှတ်ထားသည့် စမ်းသပ်ကာလ (၁) နှစ်အတွင်း ဗီဇာကင်းလွတ်ခွင့် (Visa Exemption) ဖြင့် ဝင်ရောက်လာသော ဂျပန်၊ တောင်ကိုရီးယားနိုင်ငံနှင့် တရုတ်နိုင်ငံ၏ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများဖြစ်သည့် မကာအိုနှင့် ဟောင်ကောင်တို့မှ ကမ္ဘာလှည့် ခရီးသည်များသည် လည်းကောင်း၊ ဆိုက်ရောက်ဗီဇာ (Visa On Arrival) ဖြင့် ဝင်ရောက်လာသော တရုတ်နိုင်ငံသား ကမ္ဘာလှည့် ခရီးသည်များသည်လည်းကောင်း၊ မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို လေးစားလိုက်နာရမည်ဖြစ်ပြီး မြန်မာနိုင်ငံအတွင်း လုံခြုံရေးအရ ကန့်သတ်ထားသောနယ်မြေမှအပ နိုင်ငံခြားသားများ သွားလာခွင့်ရှိသည့် နေရာများကို လွတ်လပ်စွာ သွားလာနိုင်မည်ဖြစ်သည်။
အဆိုပါ ပြည်ဝင်ဗီဇာဖြေလျော့မှုအရ ဝင်ရောက်လာမည့် ကမ္ဘာလှည့် ခရီးသည်များသည် သက်ဆိုင်ရာ လုံခြုံရေးဌာန၊ အဖွဲ့အစည်းများနှင့် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနတို့မှ စိစစ်ရာတွင် ဝင်ခွင့် မပြုနိုင်သူဖြစ်လျှင် ဝင်ရောက်ခွင့်ကို ငြင်းပယ်ခြင်းခံရမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ ပြန်လည် ထွက်ခွာရာတွင် မည်သည့်အပြည်ပြည်ဆိုင်ရာ ဝင်/ထွက်ပေါက်များမှမဆို ပြန်လည်ထွက်ခွာနိုင်ကြောင်း နှင့် ယင်းကဲ့သို့ ဗီဇာဖြေလျော့ ဆောင်ရွက်ခြင်းအားလာမည့် အောက်တိုဘာ (၁) ရက်မှ စတင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)