စစ်ကိုင်း ၂၉ စက်တင်ဘာ 

 

၂၀၁၈ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အထိမ်းအမှတ် Clean Public Toilet အကောင်းဆုံးစီစဉ်နိုင်မှုဆုကို စစ်ကိုင်းတိုင်းဒေသကြီးမှ ရရှိခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

 

 

ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ ၂၀၁၈” အခမ်းအနားကို နေပြည်တော်တွင် ယခုလ ၂၇ ရက်နေ့က ကျင်းပပြုလုပ် ခဲ့ပြီး အဆိုပါ အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ “၂၀၁၈ခုနှစ်၊ ကမ္ဘာ့ ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ် Clean Public Toilet အကောင်းဆုံးစီစဉ်နိုင်မှုဆုကို ဆွတ်ခူးရရှိခဲ့ပြီး အဆိုပါဆုကို စစ်ကိုင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား စစ်ကိုင်းတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်သူဦး တက်ရောက် လက်ခံရယူခဲ့ကြောင်း သိရသည်။

 

''မြန်မာတစ်ပြည်လုံးမှာရှိတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အကုန်လုံးကို ကြည့်ပြီးတော့မှ ပေးတာ။ ဒီနှစ်ကတော့ ကျွန်တော်တို့ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းကို ပေးတာ။ ကျွန်တော်တို့ စစ်ကိုင်းတိုင်းက ဒီနှစ်နဲ့ဆို နှစ်ကြိမ်ရှိပြီ ဆုရတာ။ ကျွန်တော်တို့က ၂၀၁၇ မှာလည်း ရခဲ့သေးတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်သူဦးက ပြောသည်။

 

ပြီးခဲ့သည့် နှစ်က စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ  Clean Public Toilet ဆုကို ပထမအကြိမ်ရရှိခဲ့ပြီး ယခုနှစ်တွင် ဒုတိယအကြိမ် ဆွတ်ခူးခဲ့ခြင်းဖြစ်ကြောင်းနှင့် ၂၀၁၈ခုနှစ်၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ် Clean Public Toilet အကောင်းဆုံးစီစဉ်နိုင်မှုဆု မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှလည်း ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

 

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရီးစဉ်ဒေသများတွင် ခရီးသွားများအဆင်ပြေစေရန် တိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် အဆင့်မြင့်သန့်စင်ခန်း (Toilet)များ စီစဉ်ဆောက်လုပ်ပေးမှုကို ကနောင်မင်းသားကြီး သံချက်ဖိုတွင်(၂)ခန်း၊ အစေခံခံတပ်တွင်(၂)ခန်း၊ မင်းကွန်းဒေသ ခြင်္သေ့ကြီးအနီးတွင်(၁၄)ခန်း၊ ဟန်လင်းဒေသတွင်(၈)ခန်း၊ အလောင်းတော်ကဿဖတွင်(၁၆)ခန်းနှင့် ပွဲတော်အခမ်းအနားများအတွက် Mobile Toilet(၁၅)လုံး ဝယ်ယူထား ရှိစီစဉ်ထားကြောင်း သိရသည်။

 

ကိုမင်း(အင်းတော်)