စစ်ကိုင်း   ၁  အောက်တိုဘာ   

 

စစ်ကိုင်းမြို့နယ် ရွာသစ်ကြီးစံပြကျေးရွာ၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော ရာဇမုနိဘုရား ဗုဒ္ဓပူဇနိယပွဲတော်၌ ထည့်သွင်းကျင်းပလေ့ရှိသော မြန်မာ့ရိုးရာ နွားလှည်းအကြော့မောင်းပြိုင်ပွဲကို  စက်တင်ဘာ ၃၀ ရက် နံနက်ပိုင်းက စတင်၍ စည်းကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီမှ သိရသည်။

 

မြန်မာ့ရိုးရာ နွားလှည်းအကြော့မောင်းပြိုင်ပွဲကို ထည့်သွင်းကျင်းပ လာခဲ့သည်မှာ ယခုအကြိမ်မြောက်သည် နှစ်ငါးဆယ်ပြည့် (ရွှေရတု)တိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ ယခုနှစ် မြန်မာ့ရိုးရာ နွားလှည်းအကြော့မောင်းပြိုင်ပွဲကို စက်တင်ဘာ ၃၀ ရက်နေ့မှ အောက်တိုဘာ ၃ ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးအဖွဲ့ဝင် ဦးမြစိန်ကပြောပြသည်။

 

“မြန်မာမှု၊ မြန်မာယဉ်ကျေးမှုဓလေ့နဲ့အညီ နေထိုင်လာတဲ့ ကျွန်တော်တို့ မြန်မာလူမျိုးတွေအတွက် တောင်သူလယ်သမားများ အားလပ်ချိန်မှာ စိတ်အပန်းဖြေစေဖို့၊ မြန်မာနွားရဲ့အား၊ မြန်မာနွားရဲ့ စွမ်းပကား မြန်မာနွားရဲ့ အဆင့်အတန်း ဘယ်လောက်ရှိတယ်ဆိုတဲ့ ဂုဏ်သတ္တိတွေကိုလည်း သိရှိနားလည်းစေဖို့ မြန်မာမှု၊ မြန်မာ့ယဉ်ကျေးမှု တိမ်မြုပ်ပျောက်ကွယ်မသွားအောင် ဆက်လက်ထိန်းသိမ်းဆောင်ရွက်ဖို့နှင့် အနယ်နယ်အရပ်ရပ်က ပြိုင်ပွဲ လာပြိုင်တဲ့သူတွေ၊ ပြိုင်ပွဲကို လာရောက်ကြည့်ရှုတွေ စည်းကမ်းတကျ ကြည့်ရှု့ခံစားတဲ့ စည်းလုံးညီညွှတ်မှုကို ရစေဖို့ရယ် ဘုရားပွဲတော်ကြီး စည်းကားသိုက်မြိုက်စေဖို့ ရည်ရွယ်ချက်တွေနဲ့ ထည့်သွင်းကျင်းပရခြင်း ဖြစ်ပါတယ်” ဟု ၎င်းကပြောပြသည်။

 

မြန်မာ့ရိုးရာနွားလှည်းအကြော့မောင်းပြိုင်ပွဲတွင် အဆင့်အတန်းအလိုက်  သွားမစိုက် နွားကလေး အကြော့မောင်းပြိုင်ပွဲ၊ သွားနှစ်ချောင်းစိုက် လှည်းကြော့မောင်းပြိုင်ပွဲ၊ သွားလေးချောင်း/ ခြောက်ချောင်းစိုက် လှည်းကြော့မောင်းပြိုင်ပွဲ၊ သွားအစုံ(အကြီးတန်း) နွားလှည်းကြော့မောင်းပြိုင်ပွဲဟူ၍ ပြိုင်ပွဲအမျိုးအစားလေးမျိုးဖြင့် ကျင်းပသွားမည်ဖြစ်သည်။ စက်တင်ဘာ ၃၀ ရက်နေ့က ကျင်းပသည့် သွားမစိုက် နွားကလေး အကြော့မောင်းပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သည့် လှည်းယာဉ်အစီး ၂၀ ရှိကြောင်း သိရသည်။

 

နွားလှည်းကြော့မောင်းပြိုင်ပွဲသို့ အနယ်နယ်အရပ်ရပ်မှ နွားဝါသနာရှင်များ လာရောက်ပြိုင်ဆိုင်လေ့ရှိကြောင်းနှင့် ပြိုင်ပွဲဝင်ကြေးအဖြစ် ပြိုင်ပွဲဝင်နွားလှည်းတစ်စီးအား ငွေကျပ် ၃၀ဝ၀ဝ ကောက်ခံကြောင်း၊ ဆုကြေးများအနေဖြင့် ပြိုင်ပွဲအမျိုးအစား လေးမျိုးအလိုက် ပထမဆုကို ပြိုင်ပွဲဝင် လှည်းယာဉ်တစ်စီး၊ ဒုတိယဆုကို ရေခဲသေတ္တာ၊ တတိယဆုကို ၂၄ လက်မTV၊ နွားပြေးဆု၊ ဂျော်ကီဆုနှင့် အခြားဆုများအား ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ကိုမင်း(အင်းတော်)