ရန်ကုန် ၁ အောက်တိုဘာ

 

မြန်မာနိုင်ငံသို့ကမ္ဘာလှည့်ခရီးသည် ပိုမိုတိုးတက်လာရောက်လည်ပတ်ရေးနှင့် လာရောက်လည်ပတ်ရာ တွင် ပိုမိုလွယ်ကူချောမွေ့စေရေးအတွက်ဆောင်ရွက်လျှက်ရှိရာ ဂျပန်၊ တောင်ကိုရီးယားနှင့် တရုတ်နိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများဖြစ်သော မကာအိုနှင့်ဟောင်ကောင်တို့မှ သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူ ကမ္ဘာလှည့် ခရီးသည်များအား ဗီဇာကင်းလွတ်ခွင့်နှင့် တရုတ်နိုင်ငံသားကမ္ဘာလှည့် ခရီးသည်များအနက် လေကြောင်းဖြင့်လာရောက်သည့် ခရီးသည်များအား ဆိုက်ရောက်ဗီဇာဖြင့် ဝင်ရောက်ခွင့်ပြုပေးခြင်းများစတင်သည့် ယနေ့နံနက်ပိုင်းတွင်  အဆိုပါ ခရီးသည်များအား ကြိုဆိုခြင်း အခမ်းအနားကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal (1) Level (3) တွင် ကျင်းပသည်။

 

အဆိုပါအခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဌာနဒုတိယဝန်ကြီးဦးကျော်မျိုး ၊ မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံအမတ်ကြီးနှင့် တောင်ကိုရီးယားသံအမတ်ကြီး၊ တရုတ်နိုင်ငံသံရုံးကောင်စစ်ဝန်၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံခြား ရေး ဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ Aerodrome Co.Ltd မှ အုပ်ချုပ်မှုဒါရိုက်တာ၊ ဌာနဆိုင်ရာများမှ တာဝန် ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က အဖွင့်အမှာစကားပြောကြားပြီး မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာTerminal (1) အတွင်းလှည့်လည် ကြည့်ရှုသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည် သူ့သမ္မတနိုင်ငံစစ်သံမှုးနှင့် တာဝန်ရှိသူများက   Air China (CA-415) ဖြင့်ရောက်ရှိလာသော တရုတ်နိုင်ငံသားကမ္ဘာလှည့် ခရီးသည်(၁၀၉)ဦးအား ကြိုဆို၍လက်ဆောင်ပစ္စည်းများပေးအပ်ပြီး ကျောက်ဆည် ဆင်အက၊ သူငယ်တော် အက၊ ဦးရွှေရိုးဒေါ်မိုးအကများဖြင့် စည်ကားသိုက်မြိုက်စွာ ကြိုဆိုကြသည်။

 

 ဆက်လက်၍ ညနေပိုင်းတွင် All Nippon Airway (NH-813) ဖြင့်ဝင်ရောက်လာသည့် ဂျပန်နိုင်ငံသားကမ္ဘာလှည့်ခရီးသည်(၁၃၁)ဦးအား ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန် သံအမတ်ကြီးနှင့် Aerodrome Co.Ltd  အုပ်ချုပ်မှုဒါရိုက်တာတို့က ကြိုဆိုကြပြီး လက်ဆောင်ပစ္စည်း များနှင့် အမှတ်တရဂုဏ်ပြုကဒ်ပြားများကို ပေးအပ်သည်။

 

ဂျပန်နိုင်ငံ Partners Co.Ltd နှင့် East Field Co.Ltd မှလည်း ပြည်ထောင်စုဝန်ကြီး အားအထူးပြုလုပ်လာသော Mascot အရုပ်အား လက်ဆောင်အဖြစ်ပြန်လည်ပေးအပ်သည်။

 

 ထို့နောက် ညပိုင်းတွင် Korean Air ( KE - 471) ဖြင့်ပါရှိလာသော တောင်ကိုရီးယားနိုင်ငံသား ကမ္ဘာလှည့် ခရီးသည်များကိုလည်း လက်ဆောင်ပစ္စည်းများပေးအပ်ခြင်းနှင့် ကျောက်ဆည်ဆင်အက၊ သူငယ်တော် အက၊ ဦးရွှေရိုးဒေါ်မိုးအကများဖြင့် စည်ကားသိုက်မြိုက်စွာ ကြိုဆိုကြောင်း သတင်းရရှိ သည်။  

 

(သတင်းစဉ်)