မန္တလေး ၃ အောက်တိုဘာ
ယခုနှစ်တောင်ကြီးတန်ဆောင်တိုင်ပွဲတော်တွင် ရိုးရာမီးပုံးပျံပြိုင်ပွဲ အသင်းပေါင်း ၂၀ စာရင်းပေးသွင်းထားကြောင်း သိရသည်။
ယခုနှစ်တောင်ကြီးတန်ဆောင်တိုင်ပွဲတော်နှင့် ရိုးရာမီးပုံးပျံပြိုင်ပွဲကို ယခုလ ၁ရက်မှ စတင်၍ ပြိုင်ပွဲဝင်အသင်းများကို တစ်လကြာ အချိန်ပေးပြီး စာရင်းလက်ခံလျက်ရှိရာ ပထမရက်တွင် အသင်းပေါင်း ၂၀ စာရင်းပေးသွင်းထားပြီဖြစ်ကြောင်းသိရသည်။
“စတင်လက်ခံတဲ့နေမှာပဲ ပြိုင်ပွဲဝင် ၂၀ စာရင်းပေးသွားပြီ။ ရိုးရာပွဲကြီးဆိုတော့ တစ်နှစ်ထက် တစ်နှစ် ပိုပြီးစည်ကားအောင်လုပ်နေတာပါ။ တစ်နိုင်ငံလုံးနဲ့ တစ်ကမ္ဘာ လုံးမှာရော ဒီလိုပြိုင်ပွဲက တစ်ခုတည်းပဲရှိတာ။ အားလုံးက ဒီပွဲကို အားခဲနေကြမှာပဲ”ဟု ပြိုင်ပွဲကျင်းပရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာ သန်းဝင်း က ပြောသည်။
ပြိုင်ပွဲကျင်းပရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာ သန်းဝင်းက ဆက်ပြောတာကတော့ “ထူးထူးခြားခြားတော့ ယူနက်စကိုမှာ ဒြပ်မဲ့ယဉ်ကျေးမှု အမွေ အနှစ်စာရင်းဝင်ဖို့ လုပ်သွားမယ်။ ဒါကြောင့် ဒီနှစ်မှာ ရိုးရာနည်းပညာတွေ အတိုင်းယှဉ်ပြိုင်ကြဖို့ စည်းကမ်းချက်တွေ ထုတ်ထားတယ်။ ဒါက ဒီနှစ်ထူးခြားချက်ပဲ”လို့ ပြောကြားသည်။
အဆိုပါ မီးပုံးပျံပြိုင်ပွဲကို နိုဝင်ဘာ ၁၅ ရက်မှ ၂၂ ရက်နေ့ထိ တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်းတွင် ကျင်းပ သွားမည်ဖြစ်ပြီး ၂၃ ရက်နေ့တွင် ဆုပေးပွဲပြုလုပ်မည်ဖြစ်သည်။ ပြိုင်ပွဲဝင်စာရင်းပေးသွင်းပါက ရပ်ကွက် ထောက်ခံစာကို တပါတည်းယူဆောင်လာရမည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲဝင်အသင်းများ ယှဉ်ပြိုင်ရန် ညမီးကြီးနှင့် စိန်နားပန်ပြိုင်ပွဲအတွက် နိုဝင်ဘာ ၄ ရက် နံနက် ၉ နာရီတွင်မဲနှိုက်ပေးမည်ဖြစ်ပြီး၊ အရုပ်မီးပုံးပျံအတွက် မွန်းလွဲ ၁ နာရီတွင် မဲနိုက်သွားမည်ဖြစ်ကြောင်းသိရသည်။
ပြိုင်ပွဲစည်းကမ်းများတွင် မီးပုံးပျံကိုယ်ထည်၌ ဘာသာရေး ယဉ်ကျေးမှုများနှင့် မသက်ဆိုင်သော တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ထိခိုက်စေသညည့် ပန်းချီ၊ဒီဇိုင်း စာတန်းသရုပ်ဖေါ်ပုံများ ထည့်သွင်းဖေါ်ပြခြင်း၊ အရက်၊ဘီယာ ကြော်ငြာများထည့်သွင်းခြင်း ခွင့်ပြုမည်မဟုတ်ကြောင်း သိရသည်။
အိမို့မို့ခိုင်