ရေးသားသူ Yun Sandi Nan Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

မျက်လုံးအောင့်တာ၊ ကျိန်းစပ်တာတွေ ခံစားနေရလား။ တစ်နေကုန် ကွန်ပျူတာမျက်နှာပြင်ပဲစိုက်ကြည့်နေရတဲ့ အလုပ်ကြောင့် ဒါမှမဟုတ် ပြင်ပက လေထုတွင်းအမှုန်တွေကြောင့် ဖြစ်နိုင်ပါတယ်။ မျက်စိပိုးဝင်ခြင်းကြောင့် လည်း ဒီလိုဖြစ်နိုင်ပါတယ်။

 

 

မျက်စိဆိုတာ ခန္ဓာကိုယ်မှာ ထိခိုက်လွယ်ဆုံး၊ အနုနယ်ဆုံးအပိုင်းဖြစ်တာကြောင့် နည်းနည်းနာကျင်ရရင်ပဲ စိုးရိမ်တတ်ကြပါတယ်။ ကွန်ပျူတာ၊ ဖုန်း၊ တီဗီ၊ စာအုပ်အကြည့်များလို့ တော်တန်ရုံ မျက်စိညောင်း တာ၊ မျက်လုံးအောင့်တာဆိုရင်တော့ ခဏနဲ့သက်သာနိုင်ပါတယ်။ ဒီလိုဖြစ်လာရင် အမြန်သက်သာစေမယ့် နည်းလေးတွေက လွယ်လွယ်လေးပါ။

 

(၁) မျက်လုံးအဖွင့်အပိတ် လုပ်ပေးပါ

မျက်လုံးထဲမှာ ခို့လို့ခုလုဖြစ်နေတယ်လို့ ခံစားနေရပြီး ကျိန်းစပ်သလို အောင့်သလို ခံစားနေရရင် မျက်လုံးအဖွင့် အပိတ် လေ့ကျင့်ခန်းလုပ်ကြည့်ပါ။ မျက်စိအကြောပြေပြီး နေရသက်သာပါလိမ့်မယ်။ ဒီနည်းက မျက်ရည် ခန်းခြင်းကို သက်သာစေပြီး အမှုန်ဝင်နေရင်လည်း သူ့အလိုလိုဖယ်ရှားပြီးသား ဖြစ်စေနိုင်ပါတယ်။ မျက်စိတဝိုက် သွေးလည်ပတ်မှုကောင်းစေပြီး မျက်စိညောင်း သက်သာစေပါတယ်။

 

မျက်စိမှိတ်ပြီး ၂ စက္ကန့်နေပါ။

မျက်စိမှိတ်လျက်နဲ့ မျက်ခွံကိုကျုံ့ပြီး ၂ စက္ကန့်။

ပြီးရင် မျက်စိပြန်ဖွင့်ပြီး ၂ စက္ကန့်။

ဒီအတိုင်း အစကပြန်လုပ်ပေးပါ။ သုံးလေးကြိမ်လောက် လုပ်ပြီးရင် မျက်စိဝေဒနာ သက်သာသွားပါ လိမ့်မယ်။

 

(၂) အေးတဲ့အရာတစ်ခုခု ကပ်ပေးပါ

မျက်လုံးအောင့်တာ၊ ကျိန်းစပ်တာတွေကို ချက်ချင်းသက်သာစေတာက အအေးကပ်တာပါပဲ။ တစ်ခုခုကြောင့် မျက်စိယားတာ၊ စပ်တာတွေတောင် သက်သာစေနိုင်ပါတယ်။

 

ရေခဲရေဆွတ်ထားတဲ့အဝတ်လေး(wet tissue အေးအေးလေးဆိုလည်းရပါတယ်) ကို မျက်ခွံပေါ်မှာ ကပ်ပြီး ငါးမိနစ်ထားပါ။

ဒါမှမဟုတ် ရေခဲတုံးလေးတွေကို ပုဝါလေးနဲ့ပတ်ပြီး မျက်ခွံမှာကပ်ပါ။ ငါးမိနစ်၊ ဆယ်မိနစ်ထားပါ။ ၂ ကြိမ်မှ၃ ကြိမ်လုပ်ပေးနိုင်ပါတယ်။

 

(၃) ခပ်ဖွဖွ နှိပ်နယ်ပေးပါ

နာရီအတော်ကြာ ကွန်ပျူတာကြည့်ပြီး အလုပ်လုပ်ရတာကြောင့်ဖြစ်လာတဲ့ မျက်စိညောင်းတာ၊ မျက်စိအောင့် တာတွေအတွက် အနှိပ်နည်းကိုသုံးနိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်ခြင်းအတွက်လည်း အသုံးဝင်တဲ့နည်းပါ။

 

လက်ဖဝါးမှာ သံလွင်ဆီလေး နည်းနည်းပွတ်ပါ။

လက်ချောင်းလေးတွေသုံးပြီး မျက်ခုံးအပေါ်ကကြွက်သားတွေနဲ့ မျက်ခွံကို ၁၀ စက္ကန့်လောက် ဖွဖွ နှိပ်နယ်ပေးပါ။

အောက်မျက်ခမ်း၊ အောက်မျက်ရိုးနားကို ၁၀ စက္ကန့်လောက် နှိပ်ပေးပါ။

နားထင်နဲ့ ပါးရိုးအပေါ်ပိုင်းကို နှိပ်ပေးပါ။

တစ်နေ့တစ်ကြိမ်၊ နှစ်ကြိမ်လုပ်ပေးနိုင်ပါတယ်။

 

(၄) လက်ဖဝါး အနွေးဓာတ်ပေးပါ 

လက်ဖဝါးကုထုံးကလည်း နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ စာဖတ်တာကြာသွားလို့ ဒါမှမဟုတ် ကွန်ပျုူတာ၊ တီဗီကြည့်တာကြာသွားလို့ မျက်စိညောင်းလာပြီဆိုရင် ပိုအသုံးဝင်ပါတယ်။

 

သက်တောင့်သက်သာဖြစ်မယ့် အနေအထားနဲ့ထိုင်ပါ။

လက်ဖဝါးနှစ်ဖက်ကို ပူနွေးလာတဲ့အထိပွတ်ပါ။

မှိတ်ထားတဲ့မျက်ခွံပေါ်မှာ လက်နဲ့အုပ်ထားပါ။ မဖိရပါ။

ဖြေလျော့ပြီး စက္ကန့်၃၀လောက် ငြိမ်နေပေးပါ။

မျက်လုံးကိုဖြည်းဖြည်းဖွင့်ပြီး ဟိုဟိုဒီဒီကြည့်ပါ။

ဒီနည်းကို ၃ ကြိမ်မှ ၅ ကြိမ် ထပ်လုပ်ပေးပါ။

 

(၅) မျက်စိကို ကာကွယ်ပါ

မျက်စိနဲ့ပတ်သက်တဲ့ဝေဒနာကို မဖြစ်စေမယ့် အကောင်းဆုံးနည်းလမ်းက ဆင်ခြင်ကာကွယ်ခြင်းပါပဲ။

 

ကွန်ပျူတာ သို့မဟုတ် တီဗီမျက်နှာပြင်ကို တစ်ဆက်တည်း အကြာကြီးကြည့်နေရင် မျက်စိနဲ့ ပတ်သက်တဲ့ဝေဒနာတွေက ဖြစ်လာမှာပဲဆိုတော့ ကြည့်နေတဲ့ကြားမှာ ခဏလောက်တော့ မျက်လုံးလွှဲပြီး နားနားပေးပါ။

အိပ်ရေးဝအောင်အိပ်ပါ။ အိပ်ရေးပျက်ခံခြင်းက မျက်စိဝေဒနာ မကြာခဏဖြစ်စေတတ်ပါတယ်။

မျက်လုံးထဲတစ်ခုခု ဝင်သွားတယ်ဆိုရင် အရမ်းမပွတ်ပါနဲ့။ ဖယ်ထုတ်နိုင်မယ့် နည်းကိုလိုက်နာပါ။

တော်တန်ရုံနေရခက်တဲ့ဝေဒနာကတော့ လက်ရှိမျက်စိသုံးနေတဲ့ အလုပ်ကိုရပ်လိုက်ပြီး မျက်စိ ခဏမှိတ်၊ အနားပေးလိုက်ပါ။

မျက်ကပ်မှန်ဝတ်တတ်သူတွေဆိုရင် မျက်စိကိုမထိခိုက်အောင်၊ ပိုးမဝင်အောင် ပုံမှန်သန့်ရှင်းမှု ဂရုစိုက်ပေးရပါမယ်။ နာကျင်မှုတစ်ခုခုဖြစ်လာရင် ချက်ချင်းချွတ်ပြီး ဆရာဝန်ပြပါ။

မျက်စိပိုးဝင်တာတွေဖြစ်နေရင် အိုင်းလိုင်နာ၊ ဘာညာ ဘာမှမလိမ်းပါနဲ့။

မျက်စိဝေဒနာ အသေးအဖွဲပဲဖြစ်ပါစေ၊ ခံစားရတာ သိပ်ကြာလာရင် ဆရာဝန်ပြဖြစ်အောင်ပြပါ။

 

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

 

"ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့်ဆေးပညာဝက်ဘ်ဆိုဒ် Helloဆရာဝန် www.hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်" 

 

http://myanmardigital.news/sites/default/files/hello%2011_88.jpg