စစ်ကိုင်း ၃ အောက်တိုဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ကသာခရိုင် ဗန်းမောက်မြို့နယ်ရှိ ဇလုံတောင်တွင် ခမိုး တောင်ခြေ ယာဉ်ရပ်နားစခန်း တည်ဆောက်သွားမည် ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ဇလုံတောင်သို့ လာရောက်မည့် ပြည်တွင်း၊ပြည်ပ ခရီးသွားဧည့်သည်များ အဆင်ပြေစေရန် တိုင်းဒေသကြီးအစိုးရအဖွဲ့က စားသောက်ဆိုင်ခန်းများ၊လူနေအိပ်ဆောင်များ၊ကားရပ်နားကွင်း၊လက်ဆောင်ပစ္စည်းအရောင်းဆိုင်များ စသည့်တို့ ပါဝင်မည့် ခမိုးတောင်ခြေယာဉ်ရပ်နားစခန်းတစ်ခုကို ယခုနှစ်အတွင်း ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်သူဦး ကပြောပြသည်။
''ဇလုံတောင်မှာ ကျိုက်ထီးရိုးမှာ ရှိတဲ့ ကင်းပွန်းစခန်း ပုံစံမျိုး ဒီမှာ ခမိုးစခန်းဆိုပြီး ဖွင့်လှစ်ဖို့ ရှိတယ်။အဝေးက လာမယ်ကားတွေရပ်နားဖို့ ကွင်းတစ်ခု၊ တောင်တက်ကားကွင်းက တစ်ကွင်း၊ စာသောက်ဆိုင်ခန်းတွေပါမယ်။အနားယူ အပန်းဖြေမယ့် နေရာတွေပါမယ်၊ ကျန်းမာရေး စောင့်ရှောက်ပေးဖို့။ လက်ဆောင်ပစ္စည်း အရောင်းဆိုင်တွေ တည်ခိုလို့ရမယ် အိပ်ဆောင်တွေ ပါမယ်။ဇလုံတောင် ခမိုးစခန်းထဲမှာ အားလုံးပြည့်ပြည့်စုံစုံပါမယ် "ဟု ၎င်းကပြောပြသည်။
ထိုသို့ ဇလုံတောင်တွင် ခမိုးစခန်းတည်ဆောက်ရန် ယနေ့ နေ့လယ်ပိုင်းအချိန်က စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး၊ စည်ပင်သာယာဝန်ကြီး၊ တိုင်းဥပဒေချုပ်၊ တိုင်းစာရင်းစစ်ချုပ်၊ ဒေသဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင် မြို့နယ်တာဝန်ရှိသူများ၊ တိုင်းဒေသကြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီဝင်များသည် ဆွေးနွေးပွဲ တစ်ရပ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည်နှစ်က ဇလုံ တောင်သို့ ပြည်တွင်း၊ပြည်ပ ခရီးသွားဧည်သည် (၂)သိန်းကျော် လာရောက် လည့်ပတ်ကြောင်း၊ ယခုနှစ်တွင် ယခင်နှစ်ကထက် ပိုမို လာရောက် လည်ပတ်မည့်ဟု မျှော်လင့်ထား ကြောင်း တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်သူဦးက ပြောပြသည်။
ကိုမင်း(အင်းတော်)