ဇီးကုန်း ၇ အောက်တိုဘာ

 

မြန်မာနိုင်ငံရှိ တိုင်းရင်းသား လူမျိုးအသီးသီးတို့တွင် စာပေ၊ယဉ်ကျေးမှု၊ ရိုးရာဓလေ့များ ရှိကြရာ မိမိတို့ တိုင်းရင်းသားများ၏ စာပေ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့များ မပျောက်မပျက်အောင်၊ လက်ဆင့်ကမ်း ဆက်လက်ထိန်းသိမ်း စောင့်ရှောက်နိုင်စေရန်နှင့် အချင်းချင်း စည်းလုံးညီညွတ်မှု ပိုမိုရရှိလာစေရန် ရည်ရွယ်ချက်ဖြင့် ပဲခူးတိုင်းဒေသကြီး ရှမ်းစာပေနှင့် ယဉ်ကျေးမှု ကော်မတီမှ ကြီးမှူး၍ ပဲခူးတိုင်း အနောက်ခြမ်း မြို့နယ်များမှ ရှမ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲက သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် ဝက်ကော်ရှမ်းစုကျေးရွာ ဓမ္မာရုံကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။

 

 

အခမ်းအနားကို နမောတဿ(၃) ကြိမ် ရွတ်ဆိုဖွင့်လှစ်ကာ ဇီးကုန်းမြို့နယ် ရှမ်းစာပေနှင့် ယဉ်ကျေးမှု ကော်မတီ နာယက ဦးစိုင်းသန်းမောင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ရှမ်းစာပေနှင့်ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဒေါ်နန်းကျင်ဦး၏ အမှာစာအား ဒုတိယ အတွင်းရေးမှူးမှ ဖတ်ကြားတင်ပြကာ တက်ရောက်လာသော သာယာဝတီ၊ လက်ပံတန်း၊မင်းလှ၊အုတ်ဖို၊ကြို့ပင်ကောက်၊ဇီးကုန်း၊နတ္တလင်း၊ပေါင်းတည်၊သဲကုန်း၊ရွှေတောင်၊ ပြည် မြို့နယ်များ ကော်မတီများသည် အဖွဲ့အလိုက် မိတ်ဆက်စကားများ ပြောကြားခဲ့ကြသည်။ 

 

ဆက်လက်၍ အစီအစဉ်အရ ပဲခူးတိုင်းဒေသကြီး ရှမ်းစာပေနှင့်ယဉ်ကျေးမှုကော်မတီဝင် ဦးစိုင်းမြင့်သိန်းမှ ရှမ်းစာပေ၊ ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေး၊ လက်ဆင့်ကမ်း ထိန်းသိမ်း သွားနိုင်ရေးတို့အတွက် ရှေ့လုပ်ငန်းစဉ်များကို ဦးဆောင်ဆွေးနွေးခဲ့ရာ တက်ရောက် လာသူများကလည်း အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ဒုတိယအကြိမ် ကျင်းပသော အစည်းအဝေး ဆုံးဖြတ်ချက်များကို ဖတ်ကြားတင်ပြ အတည်ပြု၍ အခမ်းအနား ပြီးမြောက်ခဲ့ကြောင်း သိရသည်။

 

တင့်ဆွေ(ဇီးကုန်း)