ချောင်းဆုံ ၈ အောက်တိုဘာ
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် နိုင်ငံတကာ ရှေးဟောင်း သုတေသနနေ့ကို ကြိုဆိုသောအားဖြင့် အလုပ်ရုံဆွေးနွေးပွဲကို သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက် ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး (ငြိမ်း) ဦးစံဝင်းနှင့် အဖွဲ့သည် အောက်တိုဘာ(၆) ရက်မှ (၇) ရက်နေ့ထိ ဘိုးနက်ကျေးရွာ ဇေယျဝံသ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ရာ မြို့နယ်အတွင်းမှ စိတ်ပါဝင်စားသူ(၈၀)ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရှေးဟောင်းသမိုင်းသုတေသန ယဉ်ကျေးမှုနှင့်ပတ်သတ်၍ အသိပညာ ဗဟုသုတ ရရှိစေရန်၊ သမိုင်းဝင်မြို့ဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းနိုင်စေရန်၊ ပျောက်ကွယ်နေသည့် သမိုင်းကြောင်း အထောက်ထားများကို ဖော်ထုတ်၍ ပြည်တွင်း/ပြည်ပ ခရီးသွားများ ပိုမိုစိတ်ဝင်စားမှု ရရှိစေရန်နှင့် မိမိယဉ်ကျေးမှုကို ချစ်မြတ်နိုးသူများ ဖြစ်လာစေရန် အလုပ်ရုံဆွေးနွေးပွဲကို ပြုလုပ်ရခြင်း ဖြစ်ကြောင်း ဦးစံဝင်းက ပြောသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ ပထမနေ့တွင် တက်ရောက်လာသူများအား ချောင်းဆုံမြို့နယ် အတွင်းရှိ သမိုင်းဝင် စေတီပုထိုးများ ၊ ရှေးဟောင်းမြို့ရိုးများကို သွားရောက်လေ့လာ၍ သမိုင်းကြောင်းများ ၊ ရှေးဟောင်းသုတေသန ဥပဒေများ ရှင်းလင်းပြောကြားခဲ့ပြီး၊ ဒုတိယနေ့တွင် အသင်းများ ဖွဲ့စည်း၍ မိမိလေ့လာတွေ့ရှိချက်များကို ပြန်လည် ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြသည်။ ယင်းနောက် ဇေယျဝံသဆရာတော်မှ လက်ရှိတူးဖော် ရရှိထားသည့် ဒရယ်မြို့ဟောင်းနေရာတွင် ပြတိုက်တည်ဆောက်နိုင်ရေး ဝိုင်းဝန်းကူညီ ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရှိရသည်။
ကေအေ(ချောင်းဆုံ)