ပုဂံ ၉ အောက်တိုဘာ
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံမြို့အနောက် ဖွားစောကျေးရွာတွင် မြင်းမြီးဖြင့် ရက်လုပ်သောယွန်း ထည်လုပ်ငန်း ပျောက်ကွယ်နိုင်သည့် အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
ယွန်းထည်လုပ်ငန်းသည် ပုဂံညောင်ဦး ဒေသတွင် ဘိုးစဉ်ဘောင်ဆက် မိရိုးဖလာ အစဉ်အဆက် လုပ်ကိုင်လာခဲ့ကြကြောင်း ဝါးနှီးဖြင့် ရက်လုပ်သည့် ယွန်းထည်လုပ်ငန်းက စိုးရိမ်စရာမရှိပေမယ့် မြင်းမြီးဖြင့် ရက်လုပ်သည့် ယွန်းထည်လုပ်ငန်းမှာ တစ်ဦးနှစ်ဦးသာ ကျန်ရှိတော့ကြောင်း၊ ယခုအခါမှာ မြင်းမြီးဈေးနှုန်း ကြီးမြင့်လာခြင်း၊ ယွန်းထည်ရောင်းချမှုမတွင် ကျယ်ခြင်းနှင့် ယွန်းထည်ရက်လုပ်ရာတွင် လက်ဝင်ခြင်းများကြောင့် မြင်းမြီးဖြင့် ပြုလုပ်သည့် ယွန်းထည်လုပ်ငန်းများ တဖြည်းဖြည်း ပျောက်ကွယ်လာကြောင်း သိရသည်။
ယခင်က ပုဂံမြို့ မင်းနန်းသူကျေးရွာ၊ အရှေ့ဖွားစောကျေးရွာ၊ အနောက်ဖွားစောကျေးရွာ၊ မြင်းကပါရပ်တို့တွင် မြင်းမြီးဖြင့်ပြုလုပ်သည့် ယွန်းထည်လုပ်ငန်း တွင်တွင်ကျယ်ကျယ် ပြုလုပ်ခဲ့ရာ ယခုအခါ အနောက်ဖွားစောကျေးရွာတွင်ပင် တစ်ဦးတည်းသာ ကျန်တော့ကြောင်း ယွင်းထည်ပြုလုပ်ရာတွင် ဝါးယွန်းထည်၊ သစ်သားယွန်းထည်၊ မြင်းမြီးယွန်းထည် သုံးမျိုးရှိကြောင်း မြင်းမြီးဖြင့်ပြုလုပ်သည့် ယွန်းထည်သည် လုပ်ရကိုင်ရတာလက်ဝင်ခြင်း၊ ပါးလွှာသည့် ဝါးနှီးဖြာလေးများကြားတွင် မြင်းမြီးတချောင်းချင်းစီထည့်ရခြင်းများသည် လေးလက်မ ခွက်တလုံးရက်လုပ်လျင် တစ်နာရီခွဲကြာကြောင်း အဝိုင်းပုံ၊အလုံးပုံယွန်ထည်များအားမြင်းမြီးဖြင့် ရက်လုပ်ပြီး ထောင့်ချိုးထောင်ကွေး ယွန်းထည်ပစ္စည်းများအား မြင်းမြီးသုံး၍ မရက်လုပ်ကြောင်းနှင့် မြင်းမြီးနှင့်ရက်လုပ်သည့် ယွန်းထည်ပစ္စည်းများသည် ပျော့ပြောင်းကာ အရည်အသွေးကောင်းကြောင်း သိရသည်။
မြင်းမြီး တစ်ပိဿာ ငါးသောင်းကျပ်ပေးဝယ်ရပြီး ရက်လုပ်ရာတွင် ခက်ခဲလက်ဝင်သောကြောင့် မြင်းမြီးယွန်းထည်လုပ်ငန်း မရက်လုပ်ကြတော့ဘဲ တဖြည်းဖြည်းလုံး၀ ပျောက်ကွယ်သွားမည်ကို စိုးရိမ်မိကြောင်း အနောက်ဖွားစောကျေးရွာ မြင်းမြီးယွန်းထည်လုပ်ငန်းလုပ်ကိုင်သည့် ဒေါ်စန်းစန်းအေးက ပြောသည်။
မောင်မောင်ထိန်(ကျောက်ပန်းတောင်း)