နေပြည်တော် ၁၂ အောက်တိုဘာ

 

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အဘိုးဖြစ်သူ အာဇာနည် ခေါင်းဆောင်ကြီး မန်းဘခိုင်၏ဝတ်စုံကို အမျိုးသားပြတိုက် (နေပြည်တော်) သို့ လှူဒါန်းသည့် အခမ်းအနားကို အမျိုးသားပြတိုက် (နေပြည်တော်) ၌ ယနေ့နံနက်ပိုင်းက ကျင်းပရာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့်ဇနီး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ အမြဲတမ်းအတွင်းဝန်၊ အမျိုးသားလွှတ်တော်နှင့် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ယခုလှူဒါန်းသည့် ဝတ်စုံသည် အဘိုးဖြစ်သူ မန်းဘခိုင်၏ ကရင်တိုင်းရင်းသားရိုးရာ ဝတ်စုံဖြစ်ပါကြောင်း၊ အဘွားမှတစ်ဆင့် မျိုးရိုးအစဉ်အဆက် ထိန်းသိမ်းစောင့်ရှောက်ခဲ့ပါကြောင်း၊ အဘိုးဖြစ်သူ မန်းဘခိုင်သည် အာဇာနည်ခေါင်းဆောင်ကြီး (၉)ဦးအနက်မှ တစ်ဦးဖြစ်သည့်အတွက် ဤဝတ်စုံသည် သမိုင်းကြောင်းအရလည်း တန်ဖိုးရှိပါကြောင်း၊ မိသားစုက ထိန်းသိမ်းခြင်းထက် အမျိုးသားပြတိုက် (နေပြည်တော်)သို့ လှူဒါန်းပြီး အများပြည်သူကို ပြသခြင်းက ပိုမိုအကျိုးရှိမည်ဟု ယူဆပါကြောင်း စသဖြင့် ဝတ်စုံလှူဒါန်းရခြင်းအကြောင်း ရှင်းလင်းပြောကြားပြီး ဝတ်စုံအား ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက လက်ခံရယူသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနအောက်ရှိ ပြတိုက်များသည် ပြသပစ္စည်းများကို စုဆောင်းခြင်း၊ ထိန်းသိမ်းခြင်း၊ သုတေသနပြုခြင်းနှင့် ပြန့်ပွားအောင်ဆောင်ရွက်ခြင်းဆိုသည့် ပြတိုက်ဆိုင်ရာလုပ်ငန်းစဉ်များကို နေ့စဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြသပစ္စည်းများကို စုဆောင်းရာတွင် နိုင်ငံတော်ပိုင်အဖြစ်ရရှိခြင်း၊  ဝယ်ယူရရှိခြင်း၊ လှူဒါန်းရရှိခြင်း၊ ငှားရမ်းရရှိခြင်း၊ ခေတ္တရရှိခြင်း၊ အပ်နှံရရှိခြင်းစသည့် နည်းလမ်း(၆)မျိုး ဖြင့်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်းသန်းက ၎င်းအဘိုး၏ဝတ်စုံကို အမျိုးသားပြတိုက်(နေပြည်တော်)သို့ လှူဒါန်းခြင်းသည် ပြသပစ္စည်းစုဆောင်းရေးနည်းလမ်းနှင့် ကိုက်ညီပါကြောင်း၊ ယခုဝတ်စုံသည် အာဇာနည် ခေါင်းဆောင်ကြီး (၉)ဦးအနက်မှ တစ်ဦးဖြစ်သူ မန်းဘခိုင်၏ ဝတ်စုံဖြစ်ကြောင်းသိရသဖြင့် သမိုင်းတန်ဖိုးကြီးမားသည့် ပစ္စည်းတစ်ခုလည်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနကိုယ်စား အလှူရှင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် ဇနီးတို့ကို အထူးပင်ကျေးဇူး တင်ရှိပါကြောင်း ပြန်လည်ပြောကြားသည်။

 

ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့်ဇနီးတို့သည်  ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

 

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသည် အမျိုးသားပြတိုက် (၂)ခု အပါအဝင် ပြတိုက်ပေါင်း (၃၂)ခုကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး တွင်ဖွင့်လှစ် ပြသလျက်ရှိသည်။ ရှေးဟောင်းဝတ္ထုပစ္စည်းများကို ဘိုးဘွားစဉ်ဆက် သိမ်းဆည်းထားသူများ၊ တိုင်းရင်းသားအသုံးအဆောင်ပစ္စည်းများကို လှူဒါန်းလိုသူများအနေဖြင့် ပေးအပ်လှူဒါန်းလာပါက ထိုက်တန်သည့်ဆုကြေးငွေပေးအပ်၍ စုဆောင်းလျက်ရှိပြီး၊ သင့်တော်သည့်အချိန်ကာလများတွင် ပြတိုက်များ၌ ခင်းကျင်းပြသလျက်ရှိသည်။

 

သို့ဖြစ်ပါ၍ ရှေးဟောင်းဝတ္ထုပစ္စည်းများ၊ တိုင်းရင်းသားရိုးရာပစ္စည်းများကို လှူဒါန်းလိုသူများအနေဖြင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၏ တိုင်းဒေသကြီး၊ ပြည်နယ်ဌာနခွဲများသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)