ရန်ကုန် ၁၃  အောက်တိုဘာ 

 

ကိုလိုနီခေတ်အစောပိုင်းက ရန်ကုန် မြို့ရှိ ပြည်သူများအား အဓိကရေပေး ဝေရေးကန်အဖြစ် တည်ရှိခဲ့သည့် အင်းလျားကန်အား ၂ဝ၁၉ ခုနှစ် နှစ်ဆန်းပိုင်းတွင် ရှေးဟောင်း အမွေအနှစ် အထိမ်းအမှတ်အဖြစ် ကမ္ပည်းပြား တပ်ဆင်သွားမည် ဖြစ်ကြောင်း သိရသည်။''အရင်ကကန်တော်ကြီးကပဲ အဓိက ရေဖြန့်ဝေပေးပါတယ်။ နောက်ပိုင်း လူနေထူထပ်လာပြီး ကန်မသန့်တော့ တဲ့အတွက် ကမာရွတ်မြို့နယ်မှာရှိတဲ့ ချောင်းငယ် အင်းအိုင်လေးတစ်ခုကို ပိတ်ပြီး ရေကန်တစ်ခုထားပါတယ်။ ကိုလိုနီခေတ်တုန်းက ဝိတိုရိယရေကန်လို့လည်း ခေါ်တယ်။ အင်းလျားကန်က ရန်ကုန်မြို့သမိုင်းမှာ အလွန် အရေးကြီးတယ်။ ယဉ်ကျေးမှုအရရော၊ သဘာဝတရားတစ်ခုအနေနဲ့ရော၊ အလှအပတစ်ခုအနေနဲ့ရော၊ ရန်ကုန် မြို့ရဲ့ မြို့အင်္ဂါရပ်တစ်ခုအနေနဲ့ရော အရေး ကြီးတဲ့နေရာတစ်ခုဖြစ်ပါတယ်။ အဲဒါ ကြောင့် ကျွန်တော်တို့ အနေနဲ့ ထိန်းသိမ်းစောင့်ရှောက်ဖို့လိုတယ်''ဟု ရန်ကုန်မြို့ပြ အမွေအနှစ်ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့မှ စီမံကိန်း အရာရှိဦးသူရိန်အောင်က ပြောသည်။

 

အဆိုပါကန်အား ၁၈၈၂ - ၁၈၈၃ ခုနှစ်တွင် တူးဖော်ခဲ့ပြီး နိုဝင်ဘာ ၁၉ ရက်မှစ၍ ရေပိုက်လုံးကြီးများဖြင့် ဆက်သွယ်ကာ ရေဖြန့်ဝေပေးခဲ့ကြောင်း၊ ၁၉ဝ၄ ခုနှစ်တွင် လှော်ကားရေလှောင် ကန်ပြီးစီးသွားသောကြောင့် လှော်ကားရေလှောင်ကန်မှ အဓိကထား၍ ရေဖြန့်ဝေပေးခဲ့ပြီး အင်းလျားကန်အား အရေးပေါ် ရေလှောင် ကန်အဖြစ် ဆက်လက်ထားရှိခဲ့ကြောင်း၊ အင်းလျား ကန်တွင် ထင်ရှားသည့်ကျွန်းများရှိခဲ့ပြီး ယခင်က ဂျပန်တပ် များ၏ လက်နက် များထားရှိထားကြောင်း၊ ယင်းနေရာသို့ မဟာမိတ်များက မီးလောင်ဗုံးကြဲခဲ့ကြောင်း သိရသည်။

 

''အင်းလျားကန်လို့ပြောရင် ရန်ကုန် တက္ကသိုလ်မပါလို့ မပြီးဘူး။ ခွဲမရတဲ့ အပိုင်းတွေရှိတယ်။ ၁၉၂ဝ ပြည့်နှစ်မှာ ရန်ကုန်တက္ကသိုလ် အက်ဥပဒေပြဋ္ဌာန်း ပြီး ရန်ကုန်တက္ကသိုလ် စတည်ခဲ့တယ်။ စစချင်း ရန်ကုန်တက္ကသိုလ်ထဲမှာ အဆောင်မရှိတဲ့အတွက် အခုရန်ကုန် မြို့လယ်ကောင်မှာရှိတဲ့ လသာ(၁)နား မှာ တက္ကသိုလ်ဖွင့်ခဲ့တယ်။ ၁၉၃ဝ ဝန်းကျင်မှာ ရန်ကုန်တက္ကသိုလ်ထဲမှာ အဆောင်နဲ့ ဘွဲ့နှင်းသဘင်တည်ဆောက် ပြီးစီးတော့မှ လသာ(၁)ကနေ ပြောင်းခဲ့တယ်။ လွပ်လပ်ရေးရပြီးတဲ့ အချိန်မှာ အင်းလျားကန်နဲ့ ရန်ကုန် တက္ကသိုလ်ခွဲမရတဲ့သဘော ဖြစ်သွား တယ်။ ဒဏ္ဍာရီဆန်ဆန်ဖြစ်သွားတယ်''ဟု ¤င်းက ဆက်ပြောသည်။

 

လက်ရှိတွင် အင်းလျားကန်၏ တချို့နေရာများတွင် အရေးပေါ်ထိန်း သိမ်းစောင့်ရှောက်ရမည့် အပိုင်းများရှိ ကြောင်း၊ ကန်ပတ်လည်တွင် အဆောက်အအုံ တည်ဆောက်လာမှုများနှင့် ကန်အားထိခိုက်စေနိုင်သည့် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများရှိ ကြောင်း၊ နောက်ပိုင်းတွင် ရေကန်၊ ပန်းခြံ၊ မြစ်ကမ်းနား စသည့် သဘာဝအမွေ အနှစ်များကို ထိန်းသိမ်း စောင့်ရှောက် သွားမည်ဖြစ်ကြောင်း သိရသည်။

 

''ရန်ကုန်မှာက အမွေအနှစ်လို့ပြော ရင် အဆောက်အအုံတွေလို့ပဲ ထင်နေကြတယ်။ သဘာဝတရားတွေလည်းပါ တယ်။ ယဉ်ကျေးမှုတွေလည်းပါတယ်။ ရန်ကုန်သူ ရန်ကုန်သားရယ်လို့ ထင်ရှားစေတဲ့အပြုအမူတွေ၊ အစား အသောက်တွေ၊ ထုံးတမ်းဓလေ့တွေ ဒါတွေကလည်း မြို့တစ်မြို့ရဲ့ ယဉ်ကျေးမှုအမွေ အနှစ်တွေပါပဲ။ ဒါတွေကို လည်း ထိန်းသိမ်းရမယ်။ အပြာရောင်ကမ္ပည်း ပြားတော့ ကပ်လို့မရဘူး။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ထိန်းသိမ်း စောင့်ရှောက်ရမယ့် ရည်ရွယ်ချက် ထဲမှာပါတယ်''ဟု ဦးသူရိန်အောင်က ဆက်ပြောသည်။

 

သတင်းနှင့်ဓာတ်ပုံ-ဇာနည်မောင်
Credit-The Mirror Daily