ရန်ကုန် ၁၅ အောက်တိုဘာ
ရန်ကုန်မြို့ တိရစ္ဆာန်ဥယျာဉ် ကန်လမ်းရှိ မြောက်ဘက်ဝင်ပေါက်အနီးတွင် ပုဂံ၏ အငွေ့အသက်ကို တိုက်ရိုက်ခံစားနိုင်မည့် အပြင်အဆင်များနှင့် အရုပ်မျိုးစုံကိုပြသ၍ ဝန်ဆောင်မှုပေးလျက်ရှိရာ နိုင်ငံခြားသားများသာမက လူငယ်များ အထူး စိတ်ဝင်စားလျက်ရှိကြောင်း သိရသည်။
၂၀၁၆ ခုနှစ်မှစ၍ ပုဂံစေတီတော်ဝန်းကျင်ရှိ သစ်ပင်များတွင် ချိတ်ဆွဲထားသော မင်းသား၊ မင်းသမီး၊ ဇော်ဂျီ၊ ဘီလူး၊ သူငယ်တော်၊ နတ်ရုပ်၊ သိကြားမင်းရုပ်၊ ဆင်ရုပ်၊ မြင်းရုပ်၊ စစ်သူကြီးရုပ်၊ ပုဂံထီး၊ ပုဝါ တို့ကို ချိတ်ဆွဲပြသခြင်း၊ ပန်းပုံ၊ ပုဂံ ကနုတ်ပုံများကို လက်မောင်း၊ လက်ပေါ်တွင် လက်ပန်းချီအဖြစ် ရေးဆွဲသော ပုဂံယဉ်ကျေးမှု အငွေ့အသက်ကို ယခုအခါ ရန်ကုန်မြို့ တိရစ္ဆာန်ဥယျာဉ် မြောက်ဘက်ဝင်ပေါက်နီးတွင် ပုဂံမှ လာရောက်ပြသခြင်း ဖြစ်သည်။
“ဒီမှာ လက်ပန်းချီကို ပြည်တွင်းက အဆွဲများတယ်၊ ပုဂံမှာဆိုရင် နိုင်ငံခြားသားတွေက လက်မောင်း၊ ဂုတ်နဲ့ လက်ပြင်မှာ ဆွဲတာများတယ်၊ ပုဂံအမှတ်တရ အင်္ကျီ၊ ဘောင်းဘီဝတ်ပြီး သူငယ်ချင်းတွေ ဖေ့စ်ဘွတ်ပေါ် တင်ကြတာများတယ်၊ ပုဂံမှာ လက်ပန်းချီ စပြီးဆွဲဖြစ်သွားတာက အဆိုတော်အဖွဲ့ မနူဟာဘုရားကိုလာရင်း ပန်းချီဆရာတစ်ဦးကို လက်မှာ ပန်းကနုတ်ပုံဆွဲပြီး ဖေစ့်ဘွတ်ပေါ်တင်ရာကနေ နောက်ပိုင်း ပြည်တွင်း၊ ပြည်ပ ခရီးသွားတွေလာတိုင်း ဆွဲပေးရတဲ့ ဝန်ဆောင်မှုတစ်ခု ဖြစ်လာတာပါ၊ ပုဂံမှာ တစ်ပုံကိုငွေကျပ် ၂၀ဝ၀ ယူတဲ့အတိုင်း ဒီမှာလည်း ပုံမှန်အတိုင်းပဲ ယူပါတယ်၊ ကလေးဆိုရင်ငွေကျပ် ၁၀ဝ၀ ပါပဲ၊ ပုဂံပြည်သူတွေရဲ့ ဝမ်းရေးဝန်ဆောင်မှု တစ်ခုဆိုရင်လည်း မမှားပါဘူး၊ ဒီမှာ နိုင်ငံခြားသားတွေ လက်ပန်းချီဆွဲတာ နည်းတယ်”ဟု ပုဂံ မြင်းကပါမှ လာရောက်ပြသသော ကိုလင်းထွန်းက ပြောသည်။
တိရစ္ဆာန်ဥယျာဉ်သို့ လာရောက်သော လူငယ်များ လက်ပန်းချီရေးဆွဲခြင်း၊ ချိတ်ဆွဲထားသော အရုပ်များဖြင့် ဆယ်လ်ဖီ ဆွဲခြင်း၊ လူငယ်များ၊ မိသားစုများ အမှတ်တရ ဓာတ်ပုံရိုက်ခြင်း၊ ပုဂံရိုးရာ ဆွမ်းအုပ်၊ ပုဝါဖြင့် ဓာတ်ပုံရိုက်ခြင်းတို့ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိကာ ပုသိမ်ထီး၊ ပုဂံထီးနှင့် ချိတ်ဆွဲထားသော အရုပ်များကိုလည်း ရောင်းချပေးလျက်ရှိသည်။
သစ်ပင်တွင် ချိတ်ဆွဲထားသော အရုပ်များကို ငွေကျပ် ၆၀ဝ၀ မှ ၈၀ဝ၀ ဖြင့် ပုဂံတွင် ရောင်းချသည့် ဈေးနှုန်းအတိုင်း ရန်ကုန်တိရစ္ဆာန် ဥယျာဉ်တွင် ရောင်းချပေးလျက်ရှိကာ ထိုအရုပ်များကို မန္တလေးမြို့မှ ထုဆစ်ပြီး ဆေးချယ်ခြင်း၊ ကြိုတပ်ဆင်ခြင်းတို့ဖြင့် ကြိုးဆွဲအရုပ်များကို ပုဂံသို့ တင်ပို့ခြင်း ဖြစ်သည်။
(၇)လက်မဆိုဒ် တစ်ရုပ်လျင် ငွေကျပ် ၆၀ဝ၀ နှင့် (၁၀)လက်မဆိုဒ် တစ်ရုပ်လျင်ငွေကျပ် ၈၀ဝ၀ ရောင်းချပြီး ပုဂံတွင် (၁)ပေခွဲဆိုဒ်ထိ ရောင်းချလျက်ရှိကာ တစ်ရုပ်လျင် ငွေကျပ် ၄၅၀ဝ၀ နှင့် တစ်စုံလျင် ငွေကျပ် ၉၀ဝ၀ဝ မှ ၁၅၀ဝ၀ဝ ထိ ရောင်းချလျက်ရှိရာ နိုင်ငံခြားသားများ စိတ်ဝင်စားသော ရိုးရာအရုပ်များဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့တွင် ပုဂံ၏အငွေ့အသက် ရိုးရာအရုပ်များနှင့် လက်ပန်းချီအလှကို ရန်ကုန်တိရစ္ဆာန်ဥယျာဉ်နှင့် တိုင်းရင်းသား ကျေးရွာတို့တွင်သာ ဖွင့်လှစ်ပြသထားခြင်းဖြစ်ပြီး ပုဂံကို မရောက်သေးသော ပြည်သူတို့အနေဖြင့် ပုဂံ၏ အငွေ့အသက်ကို ရရှိခံစားနိုင်စေရန် ယခုနှစ်တွင် စတင်၍ ရန်ကုန်မြို့၏ နေရာနှစ်နေရာတွင် ဝန်ဆောင်မှုပေးလျက်ရှိကာ တိရိစ္ဆာန်ဥယျာဉ် အတွင်းရှိ လက်ပန်းချီနှင့် အရုပ်လက်ရာများကို လာရောက်လည်ပတ်သူ ပြည်သူတို့ စိတ်ဝင်စားလျက်ရှိကြောင်း သိရသည်။
သန်းထိုက်
ဓာတ်ပုံ-သန်းစိုး