ညောင်ဦး ၁၇ အောက်တိုဘာ
ပုဂံ-ညောင်ဦး ဒေသရှိ ရှေးဟောင်းဘုရား စေတီပုထိုးများသို့ ရုံးပိတ်ရက်နှင့် ကျောင်းပိတ်ရက်များတွင် လာရောက် လည်ပတ်ကြသည့် ပြည်တွင်းပြည်ပ ခရီးသွားများ ပုဂံ-ညောင်ဦး စေတီပုထိုးများ ဖူးမြော်ပြီးလျှင် ပလင်းကမ်းသာယာ ဆင်စခန်းသို့ သွားရောက်၍ အဖွဲ့လိုက်၊ မိသားစုလိုက် အပန်းဖြေ အနားယူနိုင်သည်။
ညောင်ဦးမြို့နှင့် ငါးမိုင်အကွာ ဧရာဝတီ မြစ်ကမ်းဘေးတွင် ဖွင့်လှစ်ထားသော ပလင်းကမ်းသာယာ ဆင်စခန်းဝင်းအတွင်း အညာကျေးလက်ဒေသ အငွေ့အသက်များဖြစ်သော ထန်းရွက်မိုး ခြေတံရှည်တဲများကို ဧရာဝတီမြစ်ကမ်းဘေးတွင် ဆောက်လုပ်ပေးထားကာ အစားအစာများလည်း မှာယူသုံးဆောင်နိုင်သည်။
မြန်မာနိုင်ငံ၏ တစ်ခုတည်းသော ဧရာဝတီမြစ်ကမ်းဘေး ဆင်စခန်းဖြစ်ကာ ဆင်ခြောက်ကောင်ထား ရှိပြီး ဆင်စီးလမ်းကြောင်းမှာလည်း ဧရာဝတီမြစ်ကမ်းအတိုင်း စီးရကြောင်း၊ ဆင်စာကျွေးနိုင်ရန် ဆင်စာအရောင်းနေရာ ထားရှိပေးကာ ဆင်အရိုးစုပြတိုက်ကိုလည်း ဆင်စခန်းဝင်းအတွင်း လေ့လာနိုင်အောင် ထားရှိပေးထားကြောင်း သိရသည်။ ပလင်းကမ်းသာယာ ဆင်စခန်းသည် သံယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန မြန်မာ့သစ်လုပ်ငန်း၊ ချင်းဖောင်ဖွဲ့ရေးဒေသ၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ဖွင့်လှစ်ထားခြင်းဖြစ်ပြီး လာရောက်လေ့လာ လည်ပတ်သည့် ခရီးသွားများ များပြားလျက်ရှိကြောင်း ပလင်းဆင်စခန်းတာဝန်ခံ ဦးမျိုးမင်းကိုမှ ပြောပြသည်။
ပုဂံ-ညောင်ဦးဒေသသည် ပူပြင်းခြောက်သွေ့သော ဒေသဖြစ်ပြီး ဆင်များအတွက် အပူဒဏ် ကာကွယ်ပေးနိုင်ရန် ဆင်တင်းကုပ်ကြီးများ ဆောက်လုပ်ပေးထားကာ ရေပိုက်ခေါင်းများ တပ်ဆင်၍ တစ်နေ့နှစ်ကြိမ် ရေချပေးကြောင်း၊ သစ်လုပ်ငန်း သစ်ဆိပ်အသုံးပြုခဲ့သောနေရာ ဖြစ်ခြင်းကြောင့် သစ်ပင်ကြီးများ ကြီးမားစွာရှိနေခြင်း၊ ဆင်စာအတွက် နေပီယာမြက်စိုက်ခင်းများ လေ့လာနိုင်ခြင်း၊ သစ်ပင်များတွင် ပုဂံဒေသထွက် အရုပ်များနှင့်တွဲလျက် ဓာတ်ပုံရိုက်နိုင်အောင် ချိတ်ဆွဲပေးထားခြင်းများ ထားရှိကာ ဆင်ချစ်သူ ခရီးသွာဧည့်သည်များ သဘောကျနှစ်ခြိုက်စေမည့် ပလင်းကမ်းသာယာ ဆင်စခန်းသို့ လာရောက်လည်ပတ် လေ့လာနိုင်ကြောင်း သိရသည်။
မောင်မောင်ထိန် (ကျောက်ပန်းတောင်း)