ရန်ကုန် ၁၇  အောက်တိုဘာ 

 

ရန်ကုန်မြို့၏ အများပြည်သူသယ်ယူပို့ဆောင်ရေး ဘတ်စ်ကားဝန်ဆောင်မှုအဆင့်မြှင့်တင်သည့်အနေဖြင့် အသေးစားစီမံကိန်းတစ်ခုကို အောက်တိုဘာလ ၁၆ ရက်နေ့မှစတင်ကာ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလမ်းမပေါ်ရှိ ဆူးလေမှတ်တိုင်တွင် ပြုလုပ်လျက်ရှိကြောင်း တွေ့ရသည်။

 

အဆိုပါမှတ်တိုင်နေရာတွင် ဝိုင်ဘီအက်စ် ဘတ်စ်ကား ငါးလိုင်းပြေးဆွဲလျက်ရှိပြီး ဘတ်စ်ကားအစီးရေ ၁၀၀ ကျော်ခန့်ရပ်နားရာ ယာဉ်ကြောဆိုင်ရာစီမံခန့်ခွဲမှုမရှိသောကြောင့် ဆိုးရွားသောယာဉ်ကြောပိတ်ဆို့မှုများ အပြင် လမ်းလျှောက်သူပြည်သူများအတွက် လုံခြုံမှုမရှိခြင်းကြောင့် ဘတ်စ်ကားဝန်ဆောင်မှုအဆင့်မြှင့်တင် သည့် စီမံကိန်းအပိုင်းကဏ္ဍတစ်ရပ်အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရ သည်။ ရန်ကုန်မြို့၏ အဓိကပိတ်ဆို့နေသော နေရာများတွင် ယာဉ်ကြောချောမွေ့စွာ သွားလာနိုင်ရန်နှင့် လမ်းလျှောက်သူပြည်သူများ လုံခြုံမှုရှိစေရန် ကနဦးစမ်းသပ်ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

 

ယင်းမှတ်တိုင်နေရာတွင် ဝင်ရောက်ရပ်နားမည့် ခရီးသည်တင်ဘတ်စ်ကားများအနေဖြင့် အဆင်းခရီးသည် ကို အဖြူရောင်အကွက်သတ်မှတ်နေရာတွင် ဆင်းခွင့်ပြုပြီးနောက် မိမိယာဉ်ရပ်တန့်ရမည့်နေရာ(မျဉ်းဝါ အကွက်) သို့ သွားရောက်ကာ ခရီးသည်တင်ခြင်းကို ပြုလုပ်ရမည်ဖြစ်သည်။ ခရီးသည်များအတွက်လည်း တက်ရမည့်နေရာနှင့် ဆင်းရမည်နေရာများကို သပ်သပ်စီခွဲထား၍ တက်ရမည့်နေရာကို ဘတ်စ်ကားလမ်း ကြောင်းအလိုက် ခွဲခြားထားသည်။ ဝိုင်ဘီအက်စ် ၈၉၊ ၅၇၊ ၇၂ ယာဉ်လိုင်းများသည် လမ်း၏အတွင်းဘက် တွင်လည်းကောင်း၊ ဝိုင်ဘီအက်စ် ၄၊ ၇ ယာဉ်လိုင်းများသည် လမ်း၏ယာအစွန်ဘက်တွင်လည်းကောင်း ယာဉ်လိုင်းအလိုက်သတ်မှတ်ထားသော မှတ်တိုင်နေရာများတွင် သွားရောက်စီးနင်းရမည်ဖြစ်သည်။

 

အဆင်းခရီးသည်များ ဆင်းခွင့်ပြုပြီး မိမိ၏သတ်မှတ် မှတ်တိုင်အကွက်အတွင်း ခရီးသည်တင်ရန် ယာဉ်ကို မောင်းနှင်လာသည့် ဝိုင်ဘီအက်စ် ၇ (အဝါ)ယာဉ်လိုင်းမှ ယာဉ်မောင်းတစ်ဦးဖြစ်သူ ကိုကျော်ဝင်းစိုးက “ဒီစနစ်လုပ်လိုက်လို့ အဆင်ပြေရင်တော့ ပိုကောင်းတာပေါ့။ အရင်ကတော့ ရပ်ချင်တဲ့နေရာရပ်၊ တင်ချင်တဲ့ နေရာတင်ဆိုတော့ စည်းကမ်းမဲ့ ပရမ်းပတာပုံစံမျိုးပေါ့။ တအုံးအုံးနဲ့ ပြေးလိုက်တဲ့အခါကျတော့ ကားကြိတ်မိ မှာကြောက်ပြီး ရပ်ပေးလိုက်ရရော၊ ရပ်ပေးလိုက်တဲ့အခါကျတော့ လူကအကုန်စွတ်တက်ကုန်ရော၊ တက်နေ တဲ့အခါ နောက်က ကားတွေလာတဲ့အခါကျတော့ အဆင်မပြေတော့ဘူး။ ဟိုလိုကျော်တက် ဒီလိုကျော်တက် ဆိုတော့ ဗျောက်သောက်တွေဖြစ်ကုန်ရော။ အခုအတိုင်းလေး အဆင်ပြေသွားရင်တော့ ပိုကောင်းပါတယ်” ဟု လက်ရှိစတင်ကျင့်သုံးနေသော ယာဉ်အဆင်းအတက်စနစ်အပေါ် သူ၏အမြင်ကို ပြောကြားသည်။   

 

အဆိုပါစနစ်ကို ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) က JICA ၏ အကူအညီဖြင့်ဆောင်ရွက်နေခြင်းဖြစ်ပြီး ရှေ့ပြေးစမ်သပ်မှုအဖြစ် ဆူးလေမှတ်တိုင်ကို စတင်ပြုလုပ်ခြင်းဖြစ်ကာ နောက်ပိုင်းတွင် အခြားနေရာများသို့ တိုးချဲ့ဆောင်ရွက်မည်ကြောင်း သိရသည်။

 

ထင်ပေါ်ဝင်း(ကမာရွတ်)
 ဓာတ်ပုံ - ထိန်လင်း