မုံရွာ ၁၈ အောက်တိုဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာမြို့ဆိမ်ကမ်းမှ အခြေပြု၍ ချင်းတွင်းမြစ်အထက်ပိုင်းဒေသများကို ပြေးဆွဲနေသည့် ရေယာဉ်များကို သီတင်းကျွတ်ကျောင်းပိတ်ရက်၊ ရုံးပိတ်ရက်ကာလများတွင် ရေယာဉ်များတိုးချဲပြေးဆွဲသွားမည် ဖြစ်ကြောင်း ကနီမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းထံက သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးရုံးခန်းတွင် ယခုလ ၁၆ ရက်နေ့ နေ့လယ်ပိုင်းအချိန်က ကျင်းပပြုလုပ်သော စစ်ကိုင်းတိုင်းဒေသကြီး ပုဂ္ဂလိက ရေယာဉ်များ စနစ်တကျ ပြေးဆွဲရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ အစည်းအဝေးတွင် သီတင်းကျွတ်ကျောင်းပိတ်ရက်၊ ရုံးပိတ်ရက်များတွင် ချင်းတွင်းမြစ်အထက်ပိုင်း ပြေးဆွဲနေသည့် ရေယာဉ်များတိုးချဲ့ပြေးဆွဲ ပေးရေးကို ထည့်သွင်း ဆွေးနွေးခဲ့ကြပြီး တိုးချဲ့ပေးဆွဲပေးရန် ဆုံးဖြတ်ခဲ့ကြကြောင်း ကနီမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောပြသည်။
"သီတင်းကျွတ်ရာသီဆို ဝန်ထမ်းတွေက ကိုယ့်ဇာတိ ကို ပြန်ကြတော့မှာကို အများစုက ချင်းတွင်းမြစ် အထက်ပိုင်း လေရှီး၊လဟယ်၊နန်းယွန်း၊ဟုမ္မလင်း၊ခန္တီးစတဲ့ ဒေသတွေက ကျောင်းဆရာ၊ ဆရာမတွေ၊ဝန်းထမ်းအများစုက မုံရွာ၊စစ်ကိုင်း၊မန္တလေး အောက်ပိုင်းက လူတွေက များတယ်။သူတို့က ရေယာဉ် ၊သဘောၤတို့နဲ့ ပြန်ရတာ၊အဲဒါကို အကြောင်းပြုပြီး အောင်စိုးမိုးကျော် ရေယာဉ်နစ်တာ မသေသင့် မသေထိုက်တဲ့ လူငယ်၊လူရွယ်တွေ သေသွားတာပေါ့။ ဒီနှစ် အဲလို မကြုံအောင် လိုအပ်တဲ့ ပမာဏကို တိုးချဲ့ ပြေးဆွဲဖို့ ဆုံးဖြတ်ကြတယ်။ ဘယ်နှစ်စီးလောက် တိုးချဲ့ပြေးဆွဲမလဲဆိုတာကို တော့ သေချာမသိရသေးဘူး။ အဲဒါကလည်း ပုဂ္ဂလိကရေယာဉ်များ စနစ်တကျ ပြေးဆွဲရေးကော်မတီ (ရ.စ.က) က သက်ဆိုင်ရာ ရေယာဉ်ပိုင်ရှင်တွေနဲ့ ညှိနှိုင်းရဦးမယ် ပြီးတော့ ခရီးသည်အင်းအား တွက်ချက်ပြီး ပြေးဆွဲပေးသွားမှာပါ'ဟု ၎င်း ကပြောပြသည်။
မုံရွာမြို့ဆိမ်ကမ်းမှ အခြေပြု၍ ခန္တီးမြို့၊ဟုမ္မလင်းမြို့ စသည့် မြို့နယ်များကို ပြေးဆွဲနေသည့် ခရီးသည် တင်ရေယာဉ်အသင်း (၁၉)သင်းရှိပြီး နေ့စဉ် ခရီးသည် တင်ရေယာဉ် ၁၀ စီးခန့် ပြေးဆွဲလျက်ရှိကြောင်း၊ ကုန်တင်ရေယာဉ်အသင်း အနေဖြင့် ၂၀ သင်း ရှိပြီး ကုန်ရရှိသည့် အပေါ်မူတည်၍ နေ့စဉ် ကုန်တင် ရေယာဉ် ၁၀ စီးကျော် ပြေးဆွဲလျက်ရှိကြောင်းနှင့် မုံရွာမြို့ဆိမ်ကမ်းတွင် ခရီးသည် တင်ရေယာဉ်၊ကုန်တင် ရေယာဉ် စုစုပေါင်း (၁၀၀၀)ကျော်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရေကြောင်းပို့ဆောင်ရေးညွန့်ကြားမှု ဦးစီးဌာနမှ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ရေကြောင်းပို့ဆောင်ရေးညွန့်ကြားမှု ဦးစီးဌာန အနေဖြင့် ယခင်လို ခရီးသည်များ အစု လိုက် အပြုံလိုက် သေဆုံးမှု မရှိစေရေး အဓိက ဦးတည်ပြီးဆောင်ရွက်နေကြောင်း၊ချင်းတွင်း မြစ်အတွင်း ပြေးဆွဲနေသော ခရီးသည်ရေယာဉ် များ ခရီးသည်များ ပိုမိုတင်ဆောင်မှုမရှိစေရေး၊ရေယာဉ် များကို ညဘက်မောင်းနှင်းခြင်း မရှိစေရေး၊ခရီးသည် များ အနေဖြင့် ရေယာဉ်ခေါင်းမိုးပေါ် လိုက်ပါ စီးနင်းခြင်းမပြု ရန် နှင့် ရေယာဉ်တိုင်းတွင် အသက်ကယ်ပစ္စည်း များ ပြည့်စုံစွာ ထားရှိရေး အချက် လေးချက် ဖြင့် အဓိက ထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုမင်း(အင်းတော်)