ရန်ကုန် ၂၇  ဇန်နဝါရီ 

 

မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းမှ ကြီးမှူးကျင်းပသည့် တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုပြပွဲနှင့် ခရီးသွားလုပ်ငန်း မြှင့်တင်ရေးပွဲတော် “ သွေးချင်းတို့ရဲ့ ပွဲတော်ဆီသို့ ”ပွဲတော် တတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် ကျိုက္ကဆံ အားကစားကွင်း၌ ဆက်လက်ကျင်းပရာ ပွဲတော်သို့လာရောက်သူများဖြင့် စည်ကားလျက်ရှိသည်။

 

111

 

ကချင်တိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင်ဥက္ကဋ္ဌ ဦးခက်ထိန်နန်က “သွေးချင်းတို့ရဲ့ ပွဲတော်ကို မြန်မာနိုင်ငံသမိုင်းမှာ ပထမဦးဆုံး ကျင်းပတာဖြစ်တဲ့အတွက် အခက် အခဲတွေရှိပေမယ့်၊ ပြည်ထောင်စုအစိုးရ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရနဲ့  မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များ အဖွဲ့ကပါ ကူညီဆောင်ရွက်ပေးတဲ့အတွက် အောင်မြင် တဲ့ပွဲဖြစ်ပါတယ်။ နိုင်ငံတော်ကိုတိုင်းရင်းသားတွေ အထောက်အကူပြုနိုင်ဖို့ဆိုရင် ဒီလိုပွဲမျိုးတွေ စဉ်ဆက်မပျက်ဆောင်ရွက်ပေးသွားရင် အမှန်တကယ်ရည်ရွယ်တဲ့အတိုင် းအောင်မြင်လာမယ်လို့ ယုံကြည်ပါတယ် ” ဟုပြောသည်။

 

22

 

“ သွေးချင်းတို့ရဲ့ပွဲတော်ဆီသို့ ” ပွဲတော်တွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုပြခန်းများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများဖြစ်သည့် တအာင်း(ပလောင်)၊ကိုးကန့် ၊ ဓနု၊ ပအိုဝ်း၊ '' ဝ '' တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု ပြခန်းတို့တွင်လည်း တိုင်းရင်းသားလူမျိုးပေါင်းစုံသာမကမြန်မာ-ဂျပန် ချစ်ကြည်ရေးအထိမ်းအမှတ် ချယ်ရီပန်းပင်စိုက်ပွဲတော်သို့ လာရောက်ကြသည့် ဂျပန်နိုင်ငံသားများ၊ ပြည်ပခရီးသွားဧည့်သည်များဖြင့် အထူးစည်းကား လျက်ရှိသည်။

 

33

 

ပွဲတော်သို့ လာရောက်သည့် ရန်ကင်းမြို့နယ်နေဦးထွန်းထွန်း က “ရန်ကုန်မှာ ဒီလိုပွဲတော်လုပ်ပေးတဲ့အတွက် ကိုယ့်တိုင်းရင်းသားညီအစ်ကိုတွေရဲ့ ယဉ်ကျေးမှု ရိုးရာဓလေ့တွေကို တစ်နေရာတည်းမှာလေ့လာခွင့်ရတယ်။ တစ်ချို့တိုင်းရင်းသား မျိုးနွယ်စုတွေရဲ့ ဝတ်စုံတွေဆို အခုမှမြင်ဘူးတယ်။ တိုင်းရင်းသားရိုးရာအစားစာတွေဆို လည်းအခုမှပဲ အစုံစားဘူးတယ်။ တကယ်ကို ထူးထူးခြားခြား ကြုံတွေ့ခွင့်ရတဲ့ပွဲပါ ” ဟုပြောသည်။

 

ညနေပိုင်းတွင် ပွဲတော်ကျင်းပရာမနောကွင်း၌ ကချင်မနောအက ဆင်နွဲရာ တိုင်းရင်းသားပေါင်းစုံနှင့်အတူ ပွဲတော်သို့လာရောက်ကြသူများကလည်း ပျော်ရွင်စွာ ပါဝင်ဆင်နွဲကြသည်။

 

44

 

ကချင်တိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင် ဥက္ကဋ္ဌ ဦးခက်ထိန်နန် က “ ညနေပိုင်းမှာမနောကွင်းမှာ စီးပွားရေးတိုးတက်ခြင်း၊ စည်းလုံးညီညွတ်ခြင်းဆိုတဲ့ ရည်ရွယ်ချက်နဲ့ မနောအကကပါ တယ်။ ဆွတ်မနောဆိုတဲ့ စီးပွားရေးတိုးတက်ဖို့ သာယာဝပြောဖို့ ညီညွတ်ဖို့ ငြိမ်းချမ်းရေးကို အထောက်အကူပြုဖို့ဆိုတဲ့ ရည်ရွယ်ချက် ကတာဖြစ်ပါတယ် ”ဟုပြောသည်။

 

ဇန်နဝါရီ ၃၀ ရက်အထိ (၆)ရက်တိုင် ကျင်းပမည့်  “ သွေးချင်းတို့ရဲ့ ပွဲတော်ဆီသို့ ” ပွဲတော်တွင်  တိုင်းရင်းသားပေါင်းစုံတို့၏ ရိုးရာအကအလှများ၊ တိုင်းရင်းသားလူမျိုးစုတစ်စုခြင်းစီ၏ ယဉ်ကျေးမှုရိုးရာဓလေ့နေထိုင်မှု ပုံစံများနှင့် ရိုးရာအသုံးအဆောင် ပစ္စည်းများကို တစုတစည်းတည်း လေ့လာမြင်တွေ့ရမည်ဖြစ်ပြီး တိုင်းရင်းသားပေါင်းစုံတို့၏ ရိုးရာအဝတ်အထည်များ၊ အစားအစားများ၊ ဒေသထွက်ပစ္စည်းများနှင့် စီးပွားရေးလုပ်ငန်းရှင်များမှ ဖွင့်လှစ်ရောင်းချနေသည့် ကုန်ပစ္စည်းများကိုလည်း တစုတဝေးတည်း၊ တစ်နေရာတည်းတွင် ဝယ်ယူနိုင်မည်ဖြစ်သည်။

 

(သတင်း၊သီသီမင်း/ဓာတ်ပုံ၊ဇော်မင်းလတ်)

 

55