မန္တလေး ၂၃ အောက်တိုဘာ
CIO Aisa မဂ္ဂဇင်းကနေ ထုတ်ပြန်တဲ့ အရှေ့တောင်အာရှနိုင်ငံတွေထဲက Smart City အဖြစ် မန္တလေးမြို့က ပထမဆုံးအကြိမ် ရွေးချယ်ခံရကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။
အရှေ့တောင်အာရှ ၁၀ နိုင်ငံထဲက မြို့ကြီး ၂၆ မြို့ထဲကနေ Smart City မြို့ ၁၀ မြို့ကို ရွေးချယ် ထုတ်ပြန်ထားခြင်းဖြစ်သည်။ Smatr City အဖြစ် ရွေးချယ်ခံရသည့် မြို့ ၁၀ မြို့ထဲတွင် မန္တလေးမြို့သည် နံပါတ် ၅ အဆင့်တွင် ရပ်တည်နေပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့ထက် အဆင့် သုံးဆင့်ခန့် သာနေကြောင်း သိရသည်။
“မန္တလေးက သန့်ရှင်းရေးနဲ့ ပတ်သက်လို့ သေသေချာချာ စနစ်တကျ လုပ်နေတယ်။ နောက်တစ်ခါ အင်တာနက်ကို အခြေခံတဲ့ နည်းပညာနဲ့ ရုံးလုပ်ငန်းတွေ မီးပွိုင့်တွေမှာ စည်းကမ်းဖောက်တာတွေကို မှတ်တမ်းတင်ပြီး အရေးယူလို့ ရနိုင်တာတွေ၊ အပါအဝင် နည်းပညာဘက်ကို ကူးပြောင်းနေတာ အခြေခံတာလဲ ပါတယ်။ သန့်ရှင်းပြီးမြို့က သိသိသာသာ တိုးတက်လာတဲ့အတွက် အရှေ့တောင်အာရှမြို့ ၁၀ မြို့ထဲမှာ မန္တလေးက နံပါတ် ၅ မှာ ပါလာတယ်” ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့် က ပြောသည်။
Smart City အဖြစ် ရွေးချယ်ခံရသည့် မြို့များမှာ ဟနွိုင်း( ဗီယက်နမ်နိုင်ငံ)၊ စင်ကာပူ(စင်ကာပူ)၊ ဂျာကာတာ (အင်ဒိုနီးရှား)၊ ကွာလာလမ်ပူ(မလေးရှား)၊ မန္တလေး(မြန်မာ )၊ ဖူးခက်(ထိုင်း ) ၊ မကစ်ဆာ(အင်ဒိုနီးရှား)၊ ဒါနန်း(ဗီယက်နမ်) ၊ ဘန်ကောက်(ထိုင်း)၊ နယူးကလပ်စီးတီး( ဖိလစ်ပိုင်) တို့ ဖြစ်သည်။
ယခုလို ရွေးချယ်နိုင်ရန် ပြီးခဲ့သည့် မတ်လအတွင်းက ပြုလုပ်ခဲ့သည့် အာဆီယံထိပ်သီး အစည်းအဝေးတွင် စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက အာဆီယံ Smart City အဖြစ် အဆိုပြုခဲ့သည်။
“ဂုဏ်ယူစရာ ကောင်းတယ်။ ဂုဏ်ယူစရာကောင်းသလို တစ်ဖက်မှာ ပိုပြီးတာဝန်ကြီးလာတယ်။ အခုလို အသိအမှတ်ပြုခံရတာကလည်း မြို့သူမြို့သားတွေ ပူးပေါင်းပါဝင်လို့ပါ။ မြို့ကိုပိုပြီးဖွံ့ဖြိုးအောင် နိုင်ငံတကာက အသိအမှတ်ပြုခံရတဲ့ တာဝန်ပိုပြီးရှိလာတဲ့အထဲမှာ မြို့တော်စည်ပင်မှာလည်း တာဝန်ရှိသလို မြို့သူ့မြို့သား တွေမှာလည်း တာဝန်ရှိတယ်။ ဆက်ပြီးလုပ်စရာတွေကတော့ အများကြီး ကျန်သေးတယ်” ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။
မန္တလေးမြို့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ စည်းကမ်းတကျ ဖြစ်စေရေး၊ အများပြည်သူ အလွယ်တကူ စီးနင်းသွားလာနိုင်ရန် ဘတ်စ်ကား၊ ရထား စသည့်စနစ်များဖြင့် သယ်ယူပို့ဆောင်ရေးများ ဆက်လက်ဆောင်ရွက်ရန် အစီစဉ်တွေ ဆောင်ရွက်ထားကြောင်း သိရသည်။
အိမို့မို့ခိုင်