ကျောက်ဆည် ၂၃ အောက်တိုဘာ 

 

ကျောက်ဆည်မြို့တွင်  ယနေ့ နံနက် ၈ နာရီက ရွှေသာလျောင်းတောင်ခြေရှိ ဗဟိုဆင်ပြိုင်ကွင်းတွင် ဆင်အကအလှပြိုင်ပွဲ ဖွင့်ပွဲကျင်းပရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာတင်အောင်နှင့် ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းမင်းဇော်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

 

ထို့နောက် ဆင်ပွဲတော်အတွက် သီးသန့်ဂုဏ်ပြုရေးစပ်ထားသည့် ဆင်ပွဲတော်သီချင်းဖြင့် ဆင်အဖွဲ့များမှစုပေါင်း၍  ပြည်သူများအား ကပြဖျော်ဖြေကြပြီး ဆင်ပြိုင်ပွဲစတင်ကျင်းပသည်။ ယခုနှစ်တွင် အမှတ်ပေး ဒိုင်အားလုံး အကပြိုင်ရန် စင်မြင့်များ တည်ဆောက်ပေးထားမှုကြောင့် ဆင်ပွဲတော် လာပရိသတ်များ ပို၍ကျေနပ်မှုများရှိကြောင်း သိရသည်။

 

 

ပွဲတော်နှင့်ပတ်သတ်၍ “ဒီဆင်ပွဲတော်ကိုနှစ်တိုင်းလာတယ်။ ရိုးရာဒေသပွဲတော်ဖြစ်လို့ စိတ်ထဲမှာလည်း အလွန်ပျော်တယ်။  ဒီနှစ်မှာတော့ တာဝန်ရှိသူတွေက ဒိုင်အားလုံးကို ပြိုင်ပွဲစင်မြင့်တွေဆောက်ပေးထားတော့ ဆင်အက လာကြည့်သူတွေအားလုံး ဟိုအရင်နှစ်တွေကလို တိုးဝှေ့မကြည့်ရတော့သလို ကားနဲ့ဆိုင်ကယ်တွေကိုလည်း စနစ်တကျထားတော့ ဒိုင်ခုံတစ်ခုနဲ့တစ်ခုသွားကြည့်ရတာလည်းပိုပြီး အဆင်ပြေသွားလို့ ဒီနှစ်ဆင်ပွဲလာရတာပိုအဆင်ပြေပါတယ်” ဟု ရေသရောက်ကျေးရွာနေတောင်သူ ဒေါ်တင်ဥ၏ ရင်တွင်းစကားများလည်းကြားခဲ့ရသည်။

 

ယခုနှစ် ဆင်ပြိုင်ပွဲတွင် ဆင်အစီးရေစုစုပေါင်း ၂၀ ပါဝင်ယှဉ်ပြိုင်ကြပြီး ရိုးရာ ပထမဆုအား ငွေကျပ် ၁၂ သိန်း၊ ဘော်ကြယ်ပထမဆုအား ငွေကျပ် ၁၀ သိန်း ကလေးဆင်ပထမဆုအားငွေကျပ် ခြောက်သိန်း၊ ရိုးရာတီထွင် ဆန်းသစ်မှုအကောင်းဆုံးဆင်အား ဆုငွေကျပ် ငါးသိန်းနှင့် kamax မော်တော် ဆိုင်ကယ်အသစ် တစ်စီးစီ ဆုချီးမြှင့် သွားမည်ဖြစ်ကြောင်း သိရသည်။

 

သက်မောင် ခရိုင်(ပြန်/ဆက်)