ညောင်ဦး   ၂၅  အောက်တိုဘာ

 

သီတင်းကျွတ် ရုံးပိတ်ရက်နှင့် တိုက်ဆိုင်နေသည့်အပြင် ခရီးသွား ရာသီချိန်လည်း ဖြစ်သည့်အတွက် ယနေ့ နံနက်ပိုင်းက ပုဂံညောင်ဦး ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေရှိ သမိုင်းဝင်တန်ခိုးကြီး ဘုရားများနှင့် နေရာအနှံ့ရှိ ဘုရားစေတီ ပုထိုးများ၌ ပြည်တွင်း၊ ပြည်ပ ဘုရားဖူး လည်ပတ်ကြသည့် ဧည့်သည်များဖြင့် စည်ကားလျက်ရှိနေကြောင်း ညောင်ဦးမြို့ပေါ်ရှိ ဒေသခံ ပြည်သူများထံမှ သိရသည်။ 

 

 

“ယခုရက်ပိုင်းမှာ သီတင်းကျွတ် ရုံးပိတ်ရက်လည်းဖြစ်၊ ခရီးသွား ရာသီချိန်နဲ့လည်း တိုက်ဆိုက်နေတော့ ပြည်တွင်း ဘုရားဖူး ဧည့်သည်ရော၊ ပြည်ပနိုင်ငံက နိုင်ငံခြားသား ခရီးသွား ဧည့်သည်တွေနဲ့ ကျွန်မတို့ ပုဂံညောင်ဦး ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေမှာရှိတဲ့ သမိုင်းဝင် တန်ခိုးကြီး ဘုရားများနဲ့ နေရာအနှံ့ရှိ ဘုရားစေတီ ပုထိုးတွေမှာ ဘုရားဖူးခရီးသွား ဧည့်သည်များဖြင့် အရမ်းစည်ကားလျက် ရှိနေပါတယ်၊ ပြည်တွင်းဘုရားဖူး ဧည့်သည် အများစုကတော့ ကျွန်မတို့ ပုဂံညောင်ဦးမြို့က အနော်ရထာမင်းကြီး၏ ကောင်းမှုတော်နဲ့ တည်ထားကိုးကွယ်သည့် စွယ်တော်လေးဆူကို အဓိဋ္ဌာန်နဲ့ ဆုတောင်း ဖူးမြော်ကြသူတွေ ပိုမိုများပြားပါတယ်၊ တစ်ချို့ ပြည်တွင်း ဘုရားဖူး ဧည့်သည်တွေကတော့ သမိုင်းဝင် တန်ခိုးကြီး ဘုရားများဖြစ်သော အလိုတော်ပြည့်၊ ထီးလိုမင်းလို၊ သဗ္ဗညု၊ ဓမ္မရံကြီး၊ အာနန္ဒာ၊ ဓမ္မရာဇက၊ ဗူးဘုရား၊ ကန်တော့ပလ္လင်၊ စူဠာမဏိ၊ မနူဟာ၊ မြစေတီဘုရားကြီးနှင့် ညောင်ဦးမြို့ အမှတ်(၃)ရပ်ကွက်ရှိ ငှက်ပစ်တောင် ဂေါတမဘုရားကြီးတို့ကို သွားရောက် ဖူးမြော်ပါတယ်၊ ဒါ့အပြင် ပုဂံမြို့ဟောင်းက ပုဂံပြတိုက်ကြီးမှာလည်း ရှေးဟောင်းအမွေအနှစ် လက်ရာပစ္စည်းများကို ဝင်ရောက် လေ့လာကြပါတယ်၊ ပြည်ပနိုင်ငံက နိုင်ငံခြားသား ခရီးသွားဧည့်သည်တွေကျတော့ ပုဂံညောင်ဦး ရှေးဟောင်း ယဉ်ကျေးမှု ဒေသမှာရှိတဲ့ ရှုမောဖွယ်ရာ အလှအပတွေနဲ့ ဒေသခံတွေရဲ့ လူနေမှုဘဝတွေကို မှတ်တမ်းဓာတ်ပုံ ရိုက်ကူးရတာ ပိုပြီးနှစ်ခြိုက် သဘောကျတာ ဖြစ်ပါတယ်၊ အခုလို ကျွန်မတို့ ပုဂံညောင်ဦးကို ပြည်တွင်း ပြည်ပ ဘုရားဖူးဧည့်သည်တွေ ဝင်ရောက် လည်ပတ်တာတွေများတော့ ကျွန်မတို့ ဒေသက ဟိုတယ်၊ မိုတယ်တွေ၊ စားသောက်ဆိုင် လုပ်ငန်းရှင်တွေ၊ အမှတ်တရ ပစ္စည်းအရောင်းဆိုင်တွေ၊ လျှပ်စစ်စက်ဘီး အငှားဝန်ဆောင်မှု လုပ်ငန်းရှင်တွေအတွက် လုပ်ငန်းလုပ်ရတာ အဆင်ပြေကြတာပေါ့၊ ဒါ့အပြင် ညောင်ဦး-ကျောက်ပန်းတောင်းသွား လမ်းဘေး (ဝဲ/ယာ)ရှိ သဘာဝ ထန်းလျက်နှင့် ထန်းရည်(ချို/ခါး) အရောင်းဆိုင် တွေလည်း ဘုရားဖူး ဧည့်သည်တွေ ဝင်ရောက်နားခိုကြလို့ ဈေးရောင်းကောင်းကြပါတယ်” ဟု ငှက်ပစ်တောင် ဂေါတမဘုရားကြီးအနီး အမှတ်တရ လက်ဆောင်ပစ္စည်းရောင်းချသော အမျိုးသမီးတစ်ဦးက ပြောသည်။  

 

 

ပုဂံညောင်ဦးမြို့ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေရှိ ဘုရားစေတီ ပုထိုးများစွာ ရှိသည့်အနက် ပြည်တွင်းဘုရားဖူး ဧည့်သည်များ စိတ်ဝင်တစ်စား ဖူးမြော်ကြသည့် သမိုင်းဝင် တန်ခိုးကြီးဘုရားများမှာ အနော်ရထာမင်းကြီး၏ ကောင်းမှုတော်ဖြင့် တည်ထားကိုးကွယ်တော် မူထားသည့် စွယ်တော်လေးဆူဖြစ်သော တုရင်တောင် စွယ်တော်မြတ်စေတီ၊ ရွှေစည်းခုံ စွယ်တော်မြတ်စေတီ၊ လောကနန္ဒာ စွယ်တော်မြတ်စေတီနှင့် တန့်ကြည့်တောင် စွယ်တော်မြတ် စေတီတော်တို့ကို အဓိဋ္ဌာန်ဖြင့် လာရောက်ဖူးမြော်သူ ပိုမိုများလျက်ရှိကြောင်း သိရသည်။

 

ရဲဝင်းနိုင် (ညောင်ဦး)