ယင်းမာပင်   ၂၅    အောက်တိုဘာ  

 

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ်ရှိ ဖိုလ်ဝင်တောင်သို့ တစ်နှစ်ထက်တစ်နှစ်ဘုရား ဖူးခရီးသားဧည့်သည် များပြားလာကြောင်း ဖိုလ်ဝင်တောင် ဂေါပကဥက္ကဌ ဦးချိုဦးက ပြောပြသည်။

 

အဆိုပါ ဖိုလ်ဝင်တောင်သည် ဇော်ဂျီဦးဖိုးဝင်း ဖိုလ်ဝန်ခဲ့ရာမှ ထွက်ရာပေါက်ဖြစ်သွားရာမှ အစွဲပြုပြီးဖိုလ်ဝင် တောင်ဟုခေါ်ဆိုခဲ့ကြောင်းသိရကာ ထိုဖိုလ်ဝင်တောင်ပေါ်တွင် ဘုရားပေါင်း လေးသိန်းလေးသောင်းခြောက်ထောင် လေးရာ လေးဆယ့်လေးဆူ(ရွှေလသာဝါဝါဝင်း)ရှိကြောင်း ဂူပေါင်း ကိုးရာလေးဆယ့်ခုနှစ်ဂူရှိကာ ပုံစံအမျိုးမျိုးဂူများ ရှိကြောင်းသိရပြီး ထိုဂူများထဲမှ ရှေးနံရံဆေးရေးပန်းချီလက်ရာများ ယခုထက်ရှိနေဆဲ ဂူ ၁၂၀ ကျော်ရှိကာ ပြည်တွင်းပြည်ပခရီးသွားများ လာရောက်လေ့လာကြကြောင်း ဖိုလ်ဝင်တောင်ဘုရားပွဲတော်အား သီတင်းကျွတ် လပြည့်နေ့တွင်ကျင်းပကာ တောင်တော်သခင်မ(ဝါ)ဖိုလ်ဝင်အရှင်သခင်မအား တောင်၏သုံးမိုင်ပတ်လည်ရှိရွာများမှ အိုးစည်ဗုံမောင်းတို့ဖြင့် နှစ်စဉ်လာရောက်ပူဇော်ကြသည်။

 

အဝေးရောက်ရှိနေသော ဖိုလ်ဝင်တောင်ဒေသခံများ သီတင်းကျွတ်လပြည့်ဘုရားပွဲနှင့် တောင်တော်သခင်မ ပူဇော်ပွဲမမှီလိုက်ပါက တန်ဆောင်မုန်းလဆန်း(၁၀)ရက်မှ တန်ဆောင်မုန်းလပြည့်အထိ ပြန်လာကာ ပွဲတော်အားကျင်းပလေ့ရှိကြောင်း တန်ဆောင်မုန်းလ္ဆန်း(၁၄)ရက်နေ့ရောက်တိုင်း သံဃာ့ဒါန ဆွမ်းလောင်းလှူပွဲအား သံဃာတော်(၁၁၁)ပါး ပင့်ကာနှစ်စဉ်နှစ်တိုင်း ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ကြောင်း ဂေါပကဥက္ကဌမှ ရှင်းပြသည်။ လာရောက်လည်ပတ်သည့် ခရီးသွားဘုရားဖူးအများဆုံးလများသည် သီတင်းကျွတ်လမှ တန်ခူးလအထိ နေ့စဉ်များပြားကြောင်းသိရကာ အခြားအချိန်များတွင် ခရီးသွားဘုရားဖူး၊ လာရောက်လေ့လာသူ ပုံမှန်ရှိသော်လည်း နည်းပါးကြောင်းပြောပြသည်။

 

အဆိုပါ ဖိုလ်ဝင်တောင်သို့ သွားရာလမ်းသည် မုံရွာမြို့မှ (၁၅)မိုင်အကွာတွင်ရှိပြီး ဆားလင်းကြီးမြို့မှ(၇)မိုင်၊ပုဂံ-ညောင်ဦး-ပခုက္ကူဘက်မှလာလျှင် ပုသိမ်မုံရွာလမ်းမကြီး လက်ပံတောင်းတောင်လမ်းဆုံမှ ဖိုလ်ဝင်တောင်သို့ (၁၂)မိုင်ကွာဝေးကာ သွားလမ်းသာ၍ အချိန်အနည်းငယ်အတွင်း ခရီးပေါက်ကြောင်း ဖိုလ်ဝင်တောင်ဂေါပကအဖွဲ့ဝင် ဦးပေါ်တင်မှရှင်းပြကာ ဖိုလ်ဝင်တောင်ဘုရားဝင်းအတွင်း ယာဉ်ရပ်နားရာနေရာများတွင် ခရီးသွားဘုရားဖူး ဧည့်သည်များ စိတ်ချမ်းသာစေရန်နှင့် အခမဲ့ယာဉ်ရပ်နားရာနေရာများအား ဘုရားကြီး လုံခြုံရေးဝန်ထမ်းများမှလည်း စနစ်တကျကြီးကြပ်၍ ဖိုလ်ဝင်တောင်ပေါ်မြောက်စာရောင်းချသည့် ဈေးသည်များကိုလည်း စနစ်တကျ မြောက်စာရောင်းချစေကာ  ဖိုလ်ဝင်တောင်သန့်ရှင်းသာယာလှပစေရေး   ဘုရားဖူးများစိတ်ချမ်းသာစေရေး   အမြဲ ဦးစားပေးဆောင်ရွက်ကြောင်း သိရကာဖိုလ်ဝင်တောင်မှ ရွှေဘတောင်သို့ (၂)ဖာလုံသာကွာဝေကြောင်း ရွှေဘတောင်သည် ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်ထဲတွင် ပါဝင်ကြောင်းသိရသည်။ ဖိုလ်ဝင်တောင်နှင့် ရွှေဘတောင်သည် ကပ်လျက်ရှိနေပြီး ဘုရားဖူးခရီးသွားလေ့လာလိုသူများ လာရောက်လေ့လာသင့်သော နေရာဖြစ်ကြောင်း ကျောက်ပန်းတောင်းမြို့မှ ဘုရားဖူးဧည့်သည် ဒေါ်ရွှန်းရတီစံမှ ပြောပြသည်။

 

မောင်မောင်ထိန်၊ ကျောက်ပန်းတောင်း