တာချီလိတ် ၂၇ အောက်တိုဘာ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်နယ်စပ်ဝင်ပေါက်မှတစ်ဆင့် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွား ဧည့်သည် များ အဆက်မပြတ်ဝင်ရောက်လည်ပတ်လျက်ရှိရာ အောက်တိုဘာ ၁၉ ရက်နေ့မှ အောက်တိုဘာ ၂၅ ရက် အထိ နေ့ချင်းပြန်၊ ညအိပ်ခရီးစဉ်နှင့် ပြည်တွင်းခရီးစဉ်သို့ ဗီဇာဖြင့်(ဗီဇာကင်းလွတ်ခွင့်ရ)နိုင်ငံသားများ အပါ အဝင် စုစုပေါင်း ၂၄၁၂၁ ဦး ဝင်ရောက် လည်ပတ်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ တာချီ လိတ်ရုံးခွဲမှ သိရသည်။
တာချီလိတ်နယ်စပ်ဝင်ပေါက်မှ လာရောက်လည်ပတ်လျက်ရှိသော နိုင်ငံခြားသား ခရီးသွားဧည့်သည်များမှာ တာချီလိတ်နေ့ချင်းပြန်နှင့် ညအိပ်ခရီးစဉ် ထိုင်းနိုင်ငံသား ၂၂၆၇၃ ဦး၊ တတိယနိုင်ငံသား(နိုင်ငံခြားသား)၂၈၂ဦး၊ မိုင်းဖြတ်မြို့နှင့် ကျိုင်းတုံမြို့ ခရီးစဉ်သို့ ထိုင်းနိုင်ငံသားအများစုပါဝင်သည့် တတိယနိုင်ငံသား ကမ္ဘာလှည့် ခရီးသည် ၃၄၇ ဦး၊ ပြည်တွင်းခရီးစဉ်သို့ ဗီဇာဖြင့်(ဗီဇာကင်းလွတ်ခွင့်ရ)နိုင်ငံသား အပါအဝင် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည် ၈၁၉ ဦးတို့ ဝင်ရောက်လည်ပတ်ခဲ့ကြသည်။
အဆိုပါ ခရီးသွားဧည့်သည်များသည် နေ့ချင်းပြန်ခရီးအဖြစ် တာချီလိတ်မြို့ရှိ တာလော့ဈေး၊ ဘုရင့်နောင်ရုပ်ထု၊ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်၊ ဝမ်ကောင်းရပ်ကွက်ရှိ မြို့မဈေး၊ ရွှေတိဂုံစေတီတော်၊ မြို့နယ်ဓမ္မာရုံ၊ နဂါးနှစ်ကောင်ကျောင်းတိုက်၊ ကိုးမြို့ရှင်နတ်နန်း၊ ပဒေါင်ကျေးရွာ၊ အာခါဈေး၊ တရုတ်ဘုံကျောင်းသို့လည်း ကောင်း၊ မိုင်းလင်းဆရာတော်ကျောင်း၊ လန့်တောင်းနှီးဘုရား၊ မြန်မာ-လာအိုနယ်စပ်ဖြစ်သည့် ကျိုင်းလပ် မြို့သို့ လည်ပတ်ခဲ့ကြသည်။
ညအိပ်ခရီးစဉ်အဖြစ် မိုင်းဖြတ်မြို့ရှိ မြတ်စွာဘုရားခြေတော်ရာစေတီ၊ သမိုင်းဝင်ဆုတောင်းပြည့် စွန်တောင်း စေတီ၊ ဘီလူးရှာ၊ ကျိုင်းတုံမြို့အဝင် ဗုဒ္ဓဥယျာဉ်နှင့် ကျိုင်းတုံမြို့ရှိ မဟာမြတ်မုနိဘုရား၊ စွန်တောင်းစေတီ၊ ရပ်တော်မူဘုရား၊ ဟိုခုံကျောင်း၊ ကျိုင်းရင်းဘုန်းကြီးကျောင်း၊ ဝပ်အင်းကျောင်း၊ကျော့မ်ဆရီစေတီ၊ ပါလျန် ကျောင်း၊ သစ်တစ်ပင်တောင်၊ နောင်တုံကန်၊ ကမ္ဘာအေးစေတီ ၊ လွယ်မွေဒေသ၊ ပင်းတောက်ရေတံခွန် စသည့် အထင်ကရနေရာများသို့ သွားရောက်ကာ ဘုရားဖူးခြင်း၊ ရေမြေတောတောင် သဘာ၀ အလှရှုခင်းများနှင့် တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကိုဗဟုသုတအဖြစ် လေ့လာသည့်အပြင် ပြည်တွင်း ခရီးစဉ်အား တာချီလိတ်မြို့မှ လေယာဉ်ခရီးစဉ် တိုက်ရိုက်ပျံသန်းသည့် မြို့များဖြစ်သော ဟဲဟိုး၊ ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ လားရှိုးမြို့များမှ ပြည်တွင်းရှိ အထင်ကရဒေသများသို့ ဝင်ရောက်လည် ပတ်လျက်ရှိ သည်။
တာချီလိတ်နယ်စပ်ဝင်ပေါက်မှ ဧပြီလ ၁ ရက်နေ့မှ အောက်တိုဘာလ ၂၅ရက်နေ့ အထိ ထိုင်းနိုင်ငံသားနှင့် တတိယနိုင်ငံသား နေ့ချင်းပြန်ခရီးသည် စုစုပေါင်း ၅၄၇၆၄၆ ဦး၊ မိုင်းဖြတ် နှင့် ကျိုင်းတုံ ခရီးစဉ်အဖြစ် ခရီးသည် ၄၅၃၅ ဦး၊ တာချီလိတ်မြို့မှ ဗီဇာဖြင့် ပြည်တွင်းပိုင်းခရီးစဉ်သို့ ၆၁၁၂ ဦး၊ စုစုပေါင်း ၅၅၈၂၉၃ ဦး ဝင်ရောက် လည်ပတ်ခဲ့ကြောင်း သိရသည်။
ဖြိုးလေး(တာချီလိတ်)