မုံရွာ ၂၇ အောက်တိုဘာ
လက်ဆင့်ကမ်း ပညာအမွေဆက်ခံသူနည်းလာသည့်အတွက် မြန်မာ့ရိုးရာလက်မှုပညာတစ်ရပ်ဖြစ်သော ပန်းတဉ်း ပညာသည် တိမ်ကောပျောက်ကွယ်နိုင်သည့် အခြေအနေတစ်ရပ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့နယ် ကြေးမုံကျေးရွာမှ ပန်းတဉ်းပညာရှင် ဦးအောင်ကိုက ပြောသည်။
'' တခြားလူငယ်တွေကလည်း ပန်းတဉ်းပညာကို စိတ်ဝင်စားမှုမရှိဘူး၊ နေ့တွက်နဲ့ခေါ်လည်း ကိုယ်ပေးတဲ့ တစ်ရက် လုပ်ခနဲ့ ပိုများတဲ့ဆီကိုပဲ လိုက်ကြတယ်၊ ပန်းတဉ်းပညာနဲ့စာရင် ဝင်ငွေရတဲ့အလုပ်ကိုပဲ ဦးစားပေးသလို ဖြစ်နေ တယ်၊ ပညာကလည်း အလွယ်တကူသင်လို့ရတဲ့ပညာ မဟုတ်တဲ့အတွက် စိတ်လည်း မဝင်စားကြဘူး၊ ဒီလိုမျိုး ဌာပနာထည်တွေ လုပ်တာကြတော့ မန္တလေးတို့မှာရှိတယ်။ မုံရွာနယ်တစ်ဝိုက်မှာတော့ ကျွန်တော်တစ်ဦး ပဲရှိတော့ တယ်၊ ပန်းတဉ်းလုပ်ငန်းက အပူပေးတဲ့ ကြေးအရည်တွေကို မိုနဲ့လောင်းပြီးတော့ အရုပ်ပုံကြမ်းထုတ်တယ်၊ နောက်ပိုင်းမှာ အနုစိတ်ကိုလိုက်ပြီး လုပ်ရတယ်၊ လက်ဝင်တယ်၊ ပညာတစ်ခုရဖို့ အတွက်လည်း နှစ်အ တော်ကြာကြာ လေ့လာရတယ်၊ ပန်းတဉ်းပညာကို ဝါသနာပါတဲ့သူတွေ နည်းလာတယ်၊ လေ့လာလိုက်စားမှု အားနည်းလာတယ်၊ အပင်ပန်းမခံချင်တာတို့၊ ဒီပညာကလုပ်နေရင်းနဲ့ကို ပညာကိုလေ့လာနေရတာ၊ ကျွန်တော် လည်းအခုအချိန်ထိ လေ့လာနေတုံးပဲ၊ ပန်းတဉ်းလုပ်ငန်းတစ်ခုတည်းက နေရတဲ့ဝင်ငွေက စားဖို့သောက်ဖို့အတွက် မလောက်ဘူး၊ မျိုးဆက်သစ်ပညာ အမွေဆက်ခံသူနည်းလာတဲ့အတွက် ပန်းတဉ်းပညာရပ်တွေ ပျောက်ကွယ်တော့ မဲ့အခြေအနေတွေရှိနေတယ်'' ဟု မုံရွာမြို့နယ် ကြေးမုံကျေးရွာမှ ပန်းတဉ်းပညာရှင် ဦးအောင်ကိုက ပြောသည်။
ကြေးမုံကျေးရွာတွင် ယခင်ကပန်းတဉ်းလုပ်ငန်းလုပ်ကိုင်သူ (၁၅)ဦးခန့်ရှိခဲ့ပြီး ယခုနောက်ပိုင်းတွင် ပုံမှန်ဝင်ငွေမရှိခြင်း၊ ကြေးဈေးနှုန်းများ မြင့်တက်လာခြင်းတို့ကြောင့် ဝင်ငွေရလွယ်သော အခြားလုပ်ငန်းများသို့ ပြောင်းလဲလုပ်ကိုင်သူများပြားလာသဖြင့် ယခုလက်ရှိတွင် ပန်းတဉ်းလုပ်ငန်းလုပ်ကိုင်သူ(၂)ဦးသာ ကျန်တော့သဖြင့် အဆိုပါ ကျေးရွာတွင် ရှေးယခင်ကတည်းကမိရိုးဖလာလုပ်ငန်းအဖြစ် ပညာအမွေလက်ဆင့်ကမ်း လုပ်ကိုင်လာရှိသော ပန်းတဉ်းလုပ်ငန်းမှာ တိမ်ကောပပျောက်တော့မည် အရေးနှင့်ရင်ဆိုင်လျက်ရှိကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)