ကေကေစိုး

 

လက်ဘနွန်နိုင်ငံသည် ကမ္ဘာပေါ်တွင် ဒုက္ခသည်များကို အများဆုံးလက်ခံထားရာနေရာဖြစ်ပြီး လက်ဘနွန်နိုင်ငံသား ရှစ်ဦးလျှင် ဆီးရီးယားဒုက္ခသည် တစ်ဦးကျ နေထိုင်သည့်နေရာလည်းဖြစ်သည်။ လူမှုရေး၊ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ သက်ရောက်မှုများလည်း များစွာရှိခဲ့သည်။ လက်ရှိ ကိုဗစ် -၁၉ ရောဂါအခြေအနေကြောင့် မူလရှိပြီးသား အခြေအနေများအတွက် လောင်စာသဖွယ် ဖြစ်လာခဲ့သည်။

 

အသက်မွေးဝမ်းကျောင်းပြု

 

ဆူလေမန်ဟတ်ဆန်သည် လက်ဘနွန်နိုင်ငံတွင် နေထိုင်သည်မှာ ရှစ်နှစ်ရှိခဲ့ပြီဖြစ်သည်။ နိုင်ငံအတွင်း ပဋိပက္ခများကြောင့် လက်ဘနွန်နိုင်ငံသို့ ထွက်ပြေးလာခဲ့ပြီး အိမ်ဆောက်ကာ လယ်သမားတစ်ဦးအဖြစ် အသက်မွေးဝမ်းကျောင်း ပြုခဲ့သည်။ ကိုဗစ်- ၁၉ စတင်ဖြစ်ပွားသည့်အချိန်မှစတင်ကာ အခြားသော သူများကဲ့သို့ပင် ၎င်းလည်း ရုန်းကန်လာရသည်။ လက်ဘနွန်နိုင်ငံ၏ စီးပွားရေးကျဆင်းလာမှုနှင့်အတူ ရှင်သန်ရပ်တည်နိုင်ရေးအတွက် ကြိုးပမ်းလာရသည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

 

ငွေတန်ဖိုးကျဆင်း

 

လက်ဘနွန်နိုင်ငံသည် ပြီးခဲ့သည့် နှစ်နှစ်တာအတွင်း ဘဏ္ဍာရေးဆိုင်ရာ အကျပ်အတည်းနှင့် ရင်ဆိုင်ခဲ့ရသည်။ အစိုးရ၏ ကြွေးမြီများပြားလာမှုနှင့် နိုင်ငံခြားငွေမရှိခြင်းက နိုင်ငံကို စီးပွားရေး ကပ်အတွင်းသို့ ကျရောက်စေခဲ့သည်။ လက်ဘနွန်နိုင်ငံ၏ ငွေကြေးမှာ ပြီးခဲ့သည့် နှစ်နှစ်တာကာလ အတွင်း ၉၀ ရာခိုင်နှုန်း တန်ဖိုးကျဆင်းခဲ့ရသည်။ ဓာတ်ဆီပြတ်တောက်မှုမကြာခဏ ဖြစ်ပေါ်သကဲ့သို့ ဆင်းရဲမွဲတေမှုနှုန်းမှာလည်း သုံးဆဖြစ်လာခဲ့ရသည်။ အစိုးရကို ဆန့်ကျင်ဆန္ဒပြမှုများမှာ လက်ဘနွန်နိုင်ငံတွင် မြင်တွေ့နေကျ မြင်ကွင်းဖြစ်လာခဲ့သည်။

 

ဆီးရီးယားဒုက္ခသည်များကို ဒေါသထွက်

 

သို့သော်လည်း လက်ဘနွန်ပြည်သူအများစု၏ ဒေါသမှာ ဆီးရီးယားဒုက္ခသည်များ အပေါ်တွင်သာ တိုက်ရိုက်ကျရောက်လာသည်။ လက်ဘနွန် နိုင်ငံအတွင်း နေထိုင်နေကြသည့် ဆီးရီးယား ဒုက္ခသည်များကြောင့် အခြေအနေများ ပိုမိုကျပ်တည်းလာသည်ဟု မြင်လာကြသည်။ ဒုက္ခသည်များသည် လုပ်ခလစာ နည်းနည်းကလေးဖြင့် အလုပ်များ ဝင်လုပ်ကြသဖြင့် ၎င်းတို့၏ အလုပ်အကိုင်နေရာများ ဆုံးရှုံးရသည်ဟု ဒေသခံများက ယူဆကြသည်။

 

ရွေးချယ်စရာမရှိ

 

ဟတ်ဆန်အတွက် အခြေအနေများမှာ အဆိုးမှ ပိုမိုဆိုးရွားသည့်အခြေအနေသို့ ရောက်ရှိခဲ့သည်။ မေလအတွင်း ၎င်းတို့နေထိုင်သည့် ကျေးရွာတွင် အာဏာပိုင်များက ဆီးရီးယားဒုက္ခသည်များအတွက် ဝင်ငွေနှိမ်ကြောင်း အမိန့်ထုတ်ပြန်ခဲ့သည်။ ဆီးရီးယားဒုက္ခသည်များ ယခုရရှိသည့် ဝင်ငွေမှာ အမျိုးသားတစ်ဦးအတွက် တစ်နေ့လျှင် ဒေါ်လာ ၁ ဒသမ၆ ဒေါ်လာဖြစ်ပြီး အမျိုးသမီးတစ်ဦးအတွက်မူ တစ်ဒေါ်လာသာ ဖြစ်သည်။ အခြားသော ဒေသသို့ သွားရောက်ကာ ဆီးရီးယားများ အလုပ်အကိုင်ရှာဖွေခြင်းကိုလည်း အာဏာပိုင်များက ပိတ်ပင်ထားသည်။

 

ကျေးရွာမှ ခေါင်းဆောင်တစ်ဦးဖြစ်သူ မယ်ဟန်  ဂဟတ်ဆန်ကမူ ၎င်းအတွက် ရွေးချယ်စရာမရှိဟုပြောသည်။ လက်ဘနွန် လယ်သမားများကို အကာအကွယ်ပေးရန် ယခုလို လုပ်ရန်သာ ရှိတော့ကြောင်း ၎င်းက ပြောသည်။

 

ရောင်းအားထိုးကျ

 

လက်ဘနွန်လယ်သမားများမှာ စီးပွားရေးအခြေအနေများ ဆိုးရွားနေသည်ဟု ၎င်းက ဆက်ပြောသည်။ ဆီးရီးယားဒုက္ခသည်များမှာ ရေဖိုး၊ မီးဖိုး ပေးစရာမလိုကြဟု ၎င်းက ဆက်ပြောသည်။ လယ်သမား တစ်ဦးဖြစ်သည့် အလိုင်ယက် မစ်ဆတ် အတွက်မူ ယခုလိုပြုလုပ်ပေးခြင်းမှာ ကပ်ရောဂါ သက်ရောက်မှုမှ ပိုမို၍ သက်သာရာရစေသည်။

 

၎င်းသည် စပျစ်သီးစိုက်ပျိုးသူဖြစ်ပြီး ၎င်း၏ သီးနှံများကို နိုင်ငံရပ်ခြားသို့ တင်ပို့ရောင်းချသည်။ ပင်လယ်ကွေ့ဒေသ နိုင်ငံများသို့ ၎င်း၏ သီးနှံ ထွက်ကုန်များတင်ပို့သည်။ သို့သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နယ်စပ်များ ပိတ်ထားရပြီးနောက် ရောင်းအားမှာ ထိုးကျလာခဲ့သည်။

 

အကြွေးနွံထဲနစ်

 

ပိုမိုဆိုးရွားသည့်ကိစ္စမှာ စိုက်ပျိုးရေးသုံး ဓာတုဗေဒပစ္စည်းများနှင့် ဓာတ်မြေသြဇာများမှာ ဆယ်ဆ နီးပါး တက်သွားခဲ့သည်။ ယင်းသို့သော အခြေအနေဆိုးများကြောင့် ၎င်းမှာ အကြွေးနွံထဲ နစ်ခဲ့ရသည်။  ယခုအခါ အလုပ်သမားခများ လျှော့ချလိုက်သည့်အတွက် ၎င်း၏ ယာတောလုပ်ငန်း ဆက်လက်  လုပ်ကိုင်နိုင်ရေး အထောက်အပံ့တစ်ခု ဖြစ်ခဲ့ရသည်ဟု ၎င်းက ပြောသည်။ ယခုကဲ့သို့သော အခြေအနေဆိုးမျိုး ယခင်ကလည်း မကြုံဖူးဘူးဟု ပြောသည်။ အကယ်၍အခြေအနေများ ဆက်လက်ဆိုးရွားနေပါက ၎င်း၏ ယာတောကို ရောင်းချရတော့မည်ဖြစ်သည်။

 

လုံလောက်မှုမရှိ

 

ဆီးရီးယားဒုက္ခသည်များအတွက်မူ အခြေအနေမှာ အသက်ရှင်သန်မှုနှင့် သေဆုံးမှုကြား ကွဲပြားခြားနားမှု တစ်ခုပင်ဖြစ်သည်။ ဟတ်ဆန်၏ ဝင်ငွေ မှာ ၂၀ ရာခိုင်နှုန်း ကျဆင်းသွားပြီး ၎င်း၏သမီးများကို စာသင်ကျောင်းသို့ပို့မည့် အစီအစဉ်ကိုလည်း လက်လျှော့လိုက်ရသည်။ ဝင်ငွေမသေချာမှုကြောင့် ဇနီးသည်အတွက် လိုအပ်သည့် ဆေးဝါးများလည်း ဝယ်ယူနိုင်တော့မည် မဟုတ်ဟု ၎င်းက ဆက်ပြောသည်။ ကုလသမဂ္ဂနှင့် အပြည်ပြည်ဆိုင်ရာ ပရဟိတအဖွဲ့များထံမှလည်း အကူအညီ အနည်းငယ်သာ ရရှိသည့်အတွက် မိသားစု ခြောက်ယောက်စာအတွက် လုံလောက်မှုမရှိဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

 

ငွေရှာရဦးမည်

 

၎င်းတို့ မိသားစုမှာ သူများနိုင်ငံတွင် နေထိုင်ကြသည့်အတွက် အဆိုပါနိုင်ငံမှ ချမှတ်ထားသော စည်းကမ်းများကို လိုက်နာရန်သာ ရှိတော့သည်ဟု ဟတ်ဆန်က ပြောသည်။ ကလေးများကို ကျွေးနိုင်ရေးအတွက် ငွေရှာရဦးမည်ဟု ၎င်းက ဆက်ပြောသည်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပိုဂရန်ဒီ ကမူ အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းအနေဖြင့် ဆီးရီးယားဒုက္ခသည်များကို အကူအညီပေးရန်သာမက လက်ဘနွန်အစိုးရကိုပါ အကူအညီပေးနိုင်ရေး ဆောင်ရွက်သင့်သည်ဟု ပြောသည်။

 

အကူအညီပေးသင့်

 

ကုလသမဂ္ဂ၏ တွက်ချက်မှုအရ လက်ဘနွန်နိုင်ငံတွင် နေထိုင်ကြသည့် ဆီးရီးယားဒုက္ခသည် ၉၀ ရာခိုင်နှုန်းမှာ ဆင်းရဲမွဲတေသည့် အခြေအနေတွင် နေထိုင်နေရသည်ဟု ၎င်းက ပြောသည်။ လက်ဘနွန်လူဦးရေ၏ ၂၅ ရာခိုင်နှုန်းမှာလည်းဆင်းရဲမွဲတေမှုနှင့် ရင်ဆိုင်နေရသည်။ ထို့ကြောင့်  အခြေအနေဆိုးမှ ရုန်းမထွက်နိုင်သေးသရွေ့ ဆီးရီးယားဒုက္ခသည်များကိုသာမက လက်ဘနွန်  အသိုင်းအဝိုင်းကိုပါ အကူအညီပေးရန် အရေးကြီးသည်ဟု ၎င်းက ပြောသည်။ ဒုက္ခသည်များ လုံလုံခြုံခြုံနှင့် နေရပ်မပြန်နိုင်သေးသရွေ့ လက်ဘနွန် အသိုင်းအဝိုင်းကိုပါ အကူအညီပေးရန် လိုအပ်သည် ဟု ၎င်းက ဆက်ပြောသည်။

 

စီးပွားရေးအပေါ်တည်မှီနေ

 

ကပ်ရောဂါ၏ လူမှုစီးပွားဘဝ အကျိုး သက်ရောက်မှုများမှာ ကျန်းမာရေးထက်ပင် ပိုမို ရှုပ်ထွေးသည့် ပြဿနာများဟု ၎င်းကပြောသည်။ ရွှေ့ပြောင်းနေထိုင်နေရသည့် လူများအတွက် ယခု အခြေအနေမှာ နောက်ထပ်ရွှေ့ပြောင်းမှု ပြုလုပ်ရန် စီးပွားရေးအပေါ်တွင် တည်မှီနေသည်။ ကပ်ရောဂါကြောင့် လွန်ခဲ့သည့်နှစ်အတွင်း နယ်စပ်ဖြတ်ကျော် သွားလာမှုများ ရပ်တန့်နေသော်လည်း ဖိအားများကြောင့် ကမ္ဘာအနှံ့ရွှေ့ပြောင်းနေရသည့် လူအရေအတွက်မှာ ၈၂ ဒသမ ၄ သန်းအထိ ရှိနေဆဲဖြစ်သည်။

 

ကိုးကား - အင်န်အိတ်ချ်ကေ