တာချီလိတ် ၂၈ အောက်တိုဘာ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်နယ်စပ်ဝင်ပေါက်မှ တစ်ဆင့် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ အဆက်မပြတ် ဝင်ရောက်လည်ပတ်လျက်ရှိရာ အောက်တိုဘာ ၁၉ ရက်မှ အောက်တိုဘာ ၂၅ ရက်အထိ ထိုင်းနိုင်ငံနှင့် တတိယနိုင်ငံသားများသည် ညအိပ်နှင့် နေ့ချင်းပြန် ခရီးသည်ပေါင်း ၂၂၉၅၅ ဦး၊ မိုင်းဖြတ်မြို့နှင့် ကျိုင်းတုံမြို့ခရီးစဉ်တွင် ၃၄၇ ဦး၊ ဗီဇာဖြင့် တာချီလိတ်မြို့မှတစ်ဆင့် ပြည်တွင်းသို့ ၈၁၉ ဦး ဝင်ရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ခရီးသွားဧည့်သည်များသည် နေ့ချင်းပြန်ခရီးအဖြစ် တာချီလိတ်မြို့ရှိ တာလော့ဈေး၊ ဘုရင့်နောင်ရုပ်တု၊ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်၊ ဝမ်ကောင်းရပ်ကွက်ရှိ မြို့မဈေး၊ ရွှေတိဂုံစေတီတော်၊ မြို့နယ်ဓမ္မာရုံ၊ နဂါးနှစ်ကောင်ကျောင်းတိုက်၊ ကိုးမြို့ရှင်နတ်နန်း၊ ပဒေါင်ကျေးရွာ၊ အာခါဈေး၊တရုတ်ဘုံကျောင်းသို့လည်းကောင်း၊ ညအိပ်ခရီးစဉ်အဖြစ် မိုင်းဖြတ်မြို့ရှိ မြတ်စွာဘုရားခြေတော်ရာစေတီ၊ သမိုင်းဝင် ဆုတောင်းပြည့်စွန်တောင်းစေတီ၊ ဘီလူးလျှာစေတီ၊ ကျိုင်းတုံမြို့အဝင် ဗုဒ္ဓဥယျာဉ်နှင့် ကျိုင်းတုံမြို့ရှိ မဟာမြတ်မုနိဘုရား၊ စွန်တောင်းစေတီ၊ ရပ်တော်မူဘုရား၊ ဟိုခုံကျောင်း၊ ကျိုင်းရင်းဘုန်းကြီးကျောင်း၊ ဝပ်အင်းကျောင်း၊ ကျော့မ်ဆရီစေတီ၊ ပါလျန်ကျောင်း၊ သစ်တစ်ပင်တောင်၊ နောင်တုံကန်၊ ကမ္ဘာအေးစေတီ ၊ လွယ်မွေဒေသ၊ ပင်းတောက်ရေတံခွန် စသည့် အထင်ကရနေရာများသို့ သွားရောက်ကာ ဘုရားဖူးခြင်း၊ ရေမြေတောတောင်သဘာဝ အလှရှုခင်းများနှင့် တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများကို လေ့လာခဲ့သည့်အပြင် လေယာဉ်ခရီးစဉ်ဖြင့် ပြည်တွင်းရှိ အထင်ကရဒေသများသို့ သွားရောက်လည်ပတ်လျက်ရှိကြောင်း သိရသည်။
တာချီလိတ်နယ်စပ်ဝင်ပေါက်မှတစ်ဆင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ အောက်တိုဘာ ၂၅ ရက်အထိ ထိုင်းနှင့် တတိယနိုင်ငံသား နေ့ချင်းပြန်ခရီးသည်စုစုပေါင်း ၅၄၇၆၄၆ ဦး၊ မိုင်းဖြတ်နှင့် ကျိုင်းတုံခရီးစဉ်အဖြစ် ခရီးသည် ၄၅၃၅ ဦး၊ တာချီလိတ်မြို့မှ လေယာဉ်ခရီးစဉ်ဖြင့် ပြည်တွင်းသို့ ၆၁၁၂ ဦး စုစုပေါင်း ၅၅၈၂၉၃ ဦး ဝင်ရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)