ရန်ကုန် ၃၀ အောက်တိုဘာ
ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဦးစီးဌာနမှ ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၁၅ ရက်နေ့တွင် ဂျပန်နိုင်ငံမှ ကူးတို့သင်္ဘာ (၃)စီးဖြင့် ပန်းဆိုးတန်း-ဒလကို စတင်ပြေးဆွဲခဲ့ပြီး ယခင်ကူးတို့သင်္ဘောများ ပြေးဆွဲစဉ်က သင်္ဘောပေါ်ဈေးသည်များနှင့် ဂျယ်တီပေါ်ရှိ ဈေးသည်တို့ကြောင့် ရေယာဉ်စီးခရီးသွားများနှင့် နိုင်ငံခြားသား ခရီးသွားများ စိတ်အနှောင့်အယှက် ဖြစ်ပေါ်လျက်ရှိရာ ၂၀၁၈ ခုနှစ် သြဂုတ် ၁၄ ရက်တွင် ပြည်တွင်းရေးကြောင်း ပို့ဆောင်ရေးဦးစီးဌာနမှ ချယ်ရီကူးတို့သင်္ဘောပေါ်နှင့် ဂျယ်တီပေါ်ရှိ ဈေးသည်များကို ရှင်းလင်းဖယ်ရှားခဲ့ရာ ယခုအခါ ခရီးသွားပြည်သူများနှင့် နိုင်ငံခြားသား ခရီးသွားများ စိတ်အေးချမ်းသာစွာဖြင့် ခရီးသွားလာကြလျက်ရှိကြောင်း သိရသည်။
“ယခုဆိုရင် ပြည်သူတွေရဲ့ စိတ်ချမ်းသာမှု စကားသံတွေကို အမြဲကြားရပါတယ်၊ ရှင်းလင်း ဆောင်ရွက်ခဲ့တာ (၂)လကျော်သွားပြီ၊ အရင်က စည်းကမ်းမဲ့ဈေးသည်ကို ထိန်းဖို့ဝန်ထမ်းကို တာဝန်ချထားရတာ၊ အခုတာ့ ခရီးသွားပြည်သူတွေ အတက်အဆင်းမှာ ကူညီဖို့ တာဝန် ဆောင်ရွက်နေကြပါတယ်၊ ဒါဟာ အဆက်ဆက်ဖြစ်လာတဲ့ အရာတွေထဲမှာ သိသိသာသာ ပြောင်းလဲသွားတဲ့ အရာဖြစ်တဲ့အတွက် နေ့စဉ် ကူးတို့စီး ခရီးသွားတွေ စိတ်ကျေနပ်မှုတွေ ခံစားရပါတယ်၊ သူတို့ကို ကျွန်တော်တို့ ခေါ်တာမဟုတ်ဘူး၊ ဌာနဆိုင်ရာအဝန်းထဲကို လာကြတာ၊ မူလထဲက မရောင်းရဘူးဆိုတာ သိပြီးသား၊ စည်းကမ်းလိုက်နာမှု မရှိတာကို ကျွန်တော်တို့က မိမိတာဝန်ကို ထိထိမိမိ ထမ်းဆောင်မှ နိုင်ငံတော်ရဲ့ ရည်မှန်းချက် ပန်းတိုင်ကို အထောက်အပံ့ ဖြစ်စေရာ ရောက်မှာပါ၊ ဆက်လက်ပြီး စည်းကမ်းမဲ့ဈေးသည်ကို စောင့်ကြည့်နေပါတယ်၊ လုံးဝလည်း ခွင့်မပြုပါဘူး”ဟု ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး ဦးစီးဌာနမှ ဒုအထွေထွေမန်နေဂျာ(ပို့ဆောင်ရေး) ဦးဝင်းကိုကိုအောင်က ပြောသည်။
ရန်ကုန်မြို့တွင်း လမ်းပေါ်ဈေးသည်များသာမက ပန်းဆိုးတန်း လူကူးခုံးကျော်တံတား အတက်၊ အဆင်းတွင်ရှိသော ဈေးသည်များ၊ ပန်းဆိုးတန်း ကူးတို့ဆိပ် လက်မှတ်ရောင်း ဝင်ပေါက်၊ ထွက်ပေါ်တစ်လျှောက်ရှိ ဈေးသည်များ ရှင်းလင်းသွားပါက ရန်ကုန်မြို့တွင်းလမ်းများ သန့်ရှင်းသ ာယာလှပမှုနှင့်အတူ ပန်းဆိုးတန်းဆိပ်ကမ်း ပို၍သန့်ရှင်းလှပလျက် ညနေဆည်းဆာတွင် ရန်ကုန်မြို့နေ ပြည်သူများနှင့် ရန်ကုန်မြို့တွင်း တည်းခိုသည့် နိုင်ငံခြားသား ခရီးသွားများ လာရောက်လည်ပတ် အပန်းဖြေရာ နေရာတစ်ခုအဖြစ် တွေ့မြင်လာရမည်ဖြစ်သည်။

“အရင်က ကူးတို့သင်္ဘောစီးရင် ဗောတံတားပေါ်က ဈေးသည်တွေကို ရှောင်ရတဲ့အပြင် သင်္ဘောပေါ်မှာလည်း ဈေးသည်တွေကို ရှောင်ရတယ်၊ ဆရာမလည်း အတိုးအဝှေ့ အတွန်းအတိုက်ခံပြီးမှ ကုန်းပေါ်ကိုရောက်တယ်၊ အခုပြောင်းလဲသွားတာ (၂)လကျော်ပြီ၊ အရမ်းကို စိတ်ချမ်းသာတယ်၊ နေ့စဉ် ကူးတို့သင်္ဘောစီးရတာကို စိတ်ဖြေဖျောက်မှု တစ်ခုအဖြစ် ကျေနပ်ခံစားရတယ်၊ ဈေးသည်တွေ မရှိတော့တဲ့အတွက် အားလုံးစိတ်ချမ်းသာကြမှာပါ၊ ရေကြောင်းဦးစီးဌာနကို ကျေးဇူးအထူးတင်တယ်၊ ဆက်ပြီး လုပ်ဆောင်နိုင်ပါစေ”ဟု ဒလမြို့နယ်ရှိ မူလတန်းကျောင်းမှ ဆရာမ ဒေါ်ခက်ခက်ဝါက ပြောသည်။
ပန်းဆိုးတန်း-ဒလ ကူးတို့သင်္ဘော(၃)စီးဖြင့် ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၁၅ ရက်မှ စတင်ပြေးဆွဲပေးခဲ့ပြီး သင်္ဘောပေါ်နှင့် ဂျယ်တီပေါ်ရှိ ဈေးသည်များ ပညာပေးကာကာလကို ၂၀၁၈ ခုနှစ် သြဂုတ် ၁၄ ရက်မှ ၂၄ ရက်နေ့ထိ စတင်ဆောင်ရွက်ခဲ့ကြောင်း၊ မီဒီယာများကိုလည်း ဖိတ်ကြားပြီး သတင်းစာ ရှင်းလင်းပွဲကျင်းပ၍ အရေးယူမှု စတင်မည့် အပိုင်းတို့ကို ရှင်းလင်းပြောကြားကာ သြဂုတ် ၂၅ ရက်တွင် စည်ပင်သာယာဥပဒေဖြင့် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ခရီးသွားပြည်သူတွေ စိတ်ချမ်းသာအောင် ဈေးသည်ရှင်းလင်းရေး စီမံချက်ကို မျက်ခြေမပြတ် ဆောင်ရွက်နေပါတယ်၊ ခရီးသည်တွေ စိတ်အေးချမ်းသာစွာ သွားလာတာမြင်ရတော့ ပီတိဖြစ်ရပါတယ်၊ ဈေးသည်တွေလည်း ရှင်းသွားပါပြီ၊ ဝန်ထမ်းတွေကလည်း အမြဲစောင့်ကြည့်နေပါတယ်”ဟု ပန်းဆိုးတန်း ကူးတို့ဆိပ်ရှိ ခရီးသည်ပို့ဆောင်ရေးမှ လက်ထောက်မန်နေဂျာ ဒေါ်စုစုဝေက ပြောသည်။

ပွင့်လင်းရာသီ ညနေပိုင်းတွင် ရန်ကုန်မြစ်အလှနှင့် လေညှင်းခံသော နိုင်ငံခြားသား ခရီးသွားများဖြင့် ချယ်ရီကူးတို့ သင်္ဘောသည် ရန်ကုန်မြို့ပြ၏ အလှကို လိုက်ဖက်ညီစွာဖြင့် ဂုဏ်တင့်လျက်ရှိပြီး နံနက် ၅ နာရီမှ ည ၉ နာရီခွဲထိ တစ်နေ့လျှင် ၄၆ ခေါက် ပြေးလျက်ရှိကာ စည်းကမ်းမဲ့ ဈေးသည်များ ကင်းရှင်းသွားမှုကြောင့် အများပြည်သူ ခရီးသွားများ စိတ်အေးချမ်းသာစွာဖြင့် ခရီးသွားလာ လျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ-သန်းစိုး-သန်းထိုက်