မန္တလေး ၂ နိုဝင်ဘာ

 

မြန်မာနိုင်ငံ၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ အစဉ်ထာဝရ တည်ရှိစေရေးအတွက် မန္တလေးမြို့ရှိ မျက်ပါးရပ် ရွှေဆိုင်းလုပ်ငန်းရှင်များ ပူးပေါင်း၍ ရှင်သန်ဆဲ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် မျက်ပါးရွှေဆိုင်း ထုတ်လုပ်ပုံအဆင့်ဆင့်ပြပွဲနှင့် စာပေဟောပြောပွဲကို နိုဝင်ဘာလ ၅ ရက် မွန်းလွဲ ၂ နာရီမှ ည ၇ နာရီအထိ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ Hotel Mandalay ၌ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။



မြန်မာရိုးရာလက်မှုပညာရပ်များ မပျောက်ပျက်စေရန် နိုင်ငံတော်အစိုးရအပိုင်းမှလည်း ကူညီ စောင့်ရှောက်ကာကွယ်ပေးနိုင်ရန် ရည်ရွယ်၍ အဆိုပါပြပွဲကို ကျင်းပခြင်းဖြစ်ကြောင်း ပြပွဲစီစဉ်သူ အောင်တံခွန် ရွှေဆိုင်းလုပ်ငန်းမှ ဦးဇော်မင်းအောင်က ပြောသည်။

 

mdn

 

အဆိုပါပြပွဲကို မြန်မာလူမျိုးတို့၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ ရေရှည်တည်တံ့၍ လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်စေလိုသည့် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်သည့်အတွက် ရွှေဆိုင်းလုပ်ငန်းရှင် များသာမက အခြား ကျောက်ဆစ်၊ ပန်းပု၊ ရွှေချည်ထိုး အစရှိသည့် လုပ်ငန်းရှင် အားလုံးလည်း ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်ထားကြောင်း ၄င်းက ဆက်လက်ပြောဆိုသည်။



ပြပွဲနှင့်အတူ မြန်မာနိုင်ငံလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးသာထူး၊ မြန်မာ့သမိုင်းအဖွဲ့မှ သမိုင်းပါမောက္ခ ဦးတိုးလှိုင်၊ ဒေါက်တာ တင်မောင်ကြည်၊ ဒေါက်တာ သစ်ဆင်း၊ ဒေါက်တာ ခင်သီတာ၊ ဆရာကြီးနတ်မောက်ထွန်းရှိန်၊ ဗိသုကာပညာရှင် တမ္ပဝတီ ဦးဝင်းမောင်၊ မြန်မာနိုင်ငံ ရှေးဟောင်း ယဉ်ကျေးမှု အသင်း အတွင်းရေးမှူး ဦးသူရအောင်၊ မြန်မာ့ယဉ်ကျေးမှု ရွှေချည်ထိုး ဆရာကြီး ဦးစိန်မြင့်၊ စာရေးဆရာ ဆရာချစ်ဦးညို၊ ဆရာနေဝင်းမြင့်၊ ဆရာဆူးငှက်တို့က စာပေဟောပြောပွဲနှင့် စာပေစကားဝိုင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။



အေပီကေ(မန်းကိုယ်ပွား)