ဗန်းမောက် ၂ နိုဝင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့တွင် ဇလုံ တောင်တော်ပေါ်သို့ တောင်တက်ကားအစီးရေ ယခင်နှစ်ထက် ကားအစီးရေ ပိုမို ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း ဇလုံတောင် တောင်တက်ကား အသင်းမှ သိရသည်။
ဇလုံ တောင်တော်ပေါ်သို့ ယခင်နှစ်က တောင်တက်ယာဉ်အစီးရေ ၉၅ စီး ပြေးဆွဲခဲ့ပြီး ယခုနှစ်တွင် တောင်တက် မော်တော်ယာဉ် ၁၅၀ ခန့်ဖြင့် ပြေးဆွဲသွားမည်ဖြစ်ကြောင်း ဇလုံတောင် တောင်တက်ကား အသင်း ဥက္ကဌ ဦးဝင်းနိုင်က ပြောပြသည်။
''ပွင့်လင်းရာသီမဟုတ်တဲ့ မိုးတွင်းကျရင် မြေသားလမ်းဖြစ်တဲ့ အတွက် ကားတွေ ပေးတက်လို့ မရဘူး၊ဒီနေ့က စပြီး တောင်တက်ကား အသင်း ဂိတ် ဖွင့်ပွဲလုပ်ပြီး စတင်ပြေးဆွဲပေးနေပါပြီး။ ခုလောလောဆယ် ကျွန်တော်ဆီမှာ စာရင်းပေးထားတာ ကားအစီးရေ ၁၂၀ လောက်တော့ရှိနေပြီး မနှစ်က ကားအစီးရေ ၉၅ စီးနဲ့ ပြေးဆွဲတယ်။ဒီနှစ် စုစုပေါင်း ကားအစီးရေ ၁၅၀ ခန့် ရှိမယ် ထင်တယ်။ ဒီနေ့က စပြီး အလှည့်ကျ ပြေးဆွဲပေးမယ်။ကားခနှုန်းထားတွေကလည်း အရင်နှစ်အတိုင်းပါပဲ။ ရှေ့ခန်းလေးတော့ တစ်ထောင်ပိုကောက်ခိုင်းထားတယ်''ဟု ၎င်း ကပြောပြသည်။
ပွင့်လင်းရာသီ ရောက်ရှိလာပြီ ဖြစ်သောကြောင့် ပြည်တွင်း၊ပြည်ပ ခရီးသွားများ ဇလုံ တောင်တော် တောင်တက်ကားဖြင့် သွားရောက်ဖူးမြော်နိုင်ရန် အောက်တိုဘာလ ၃၁ ရက်နေ့ နံနက်ပိုင်းအချိန်က မြနန္ဒာရပ်ကွက်နှင့်ခမိုး ကျေးရွာ ကြား ကန်သာယာ ယာယီယာဉ်ရပ်နားစခန်း၌ ဇလုံ တောင်တော် တောင်တက်ကားအသင်းယာဉ်လိုင်းဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
''လမ်းပန်းဆက်သွယ်ရေး အနေအထားက မိုးတွင်းပိုင်းဆို သွားလို့မရဘူး ရပ်နားထားရတယ်။ဒါပေမဲ့ အချို့ ခြေကျင်တက်တာတွေလည်း ရှိပါတယ်။ကွန်ကရစ်လမ်း ကတ္တရာလမ်းဆို တမျိုးပေါ့။ ခုကျ မြေသားလမ်း ဆိုတော့ သွားလာလို့ရတာ။ ခု လောလောဆယ်က လမ်းပိုင်း အခြေအနေက အဆင်ပြေတယ်။ဒါပေမယ့် မိုးရွာရင်တော့ နည်းနည်း အခက်အခဲရှိတယ်။ဒီနေ့ ယာဉ်လိုင်းအသင်း စဖွင့်ပြီး ဘုရားဖူးတွေ အကုန်လုံး တောင်ပေါ်ကို တက်နိုင်ပါပြီ''ဟု ဒေသခံ ဦးလှထွန်းက ပြောပြသည်။
ဇလုံ တောင်တော် တောင်တက်ကားတစ်စီးလျင် လူဦးရေ ၁၅ ထိ လိုက်ပါစီးနင်းနိုင်ပြီး ကားခနှုန်းထား အနေဖြင့် လူတစ်ဦးလျှင်အသွားအပြန် ငွေ ကျပ် ၆၀ဝ၀ ကောက်ခံလျက်ရှိကြောင်း သိရပြီး ပြီးခဲ့သည်နှစ်က ဇလုံ တောင်သို့ ပြည်တွင်း၊ပြည်ပ ခရီးသွားဧည်သည် (၂) သိန်းကျော်လာရောက်လည့်ပတ်ကြောင်း ဇလုံတောင် တောင်တက်ကား အသင်းက သိရသည်။
ကိုမင်း(အင်းတော်)