မဟာအောင်မြေ ဩဂုတ် ၁၄
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်တွင် အသက်(၆၅)နှစ်အထက် ပြည်သူများအား ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းက ဆေးထိုးစုရပ်နေရာတို့၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး(Sinopharm)ကို မဟာအောင်မြေမြို့နယ်အနေဖြင့် အမက(၃)၊ အထက(၂၄)၊ မြို့နယ်အားကစားကွင်း၊ လက်ပံတန်းဓမ္မာရုံနှင့် ရတနာဘုမ္မိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဆေးထိုးစုရပ်(၅)နေရာတွင် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းများနှင့်အညီ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်အတွင်းရှိ ရပ်ကွက်ကြီး(၁၈)ရပ်ကွက်မှ အသက်(၆၅)နှစ်အထက် အဘိုးအဘွား(၁၀၂၂)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ခြင်းဖြစ်သည်။ ယင်းကဲ့သို့ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း စသည့်ဆောင်ရွက်ပေးပြီး ပုံမှန်အခြေအနေရှိသူများကိုသာ ကာကွယ်ဆေး ထိုးနှံပေးခဲ့ခြင်းဖြစ်သည်။
မဟာအောင်မြေမြို့နယ်အတွင်းရှိ ပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့တို့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ပရဟိတ လူမှုကူညီရေးအဖွဲ့ဝင်များ၊ ရပ်ကွက်တာဝန်ရှိသူတို့မှ ပူးပေါင်း၍ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိပ်ထားနိုင်


