မြိတ် ၁၃ နိုဝင်ဘာ
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပုလောမြို့နယ် ပင်လယ်ပြင်အတွင်းရှိ ကဏန်းလက်မပုံသဏ္ဍာန် ကျွန်းပေါ်တွင် တည်ရှိပြီး ရေပေါ်၌ အိမ်များ တည်ဆောက်ကာ တစ်ရွာလုံးနီးပါး တံငါလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည့် ကျောက္ကာကျေးရွာကို ယခုနှစ်တွင် မြိတ်ကျွန်းစု၏ ကျွန်းခရီးစဉ်များအနက် ခရီးစဉ်အသစ်အဖြစ် တိုးချဲ့ရန် စီစဉ်ဆောင်ရွက်နေကြောင်း မြိတ်ခရိုင် ခရီးသွားလုပ်ငန်းရှင်များအသင်းမှ သိရသည်။
မြိတ်ကျွန်းစုဒေသ၏ ခရီးသွားလုပ်ငန်းများတွင် စမတ်ကျွန်းနှင့် ဒုံးညောင်မှိုင်းကျေးရွာ တို့ကို အဓိက ပို့ဆောင်ပေးနေရာမှ မကြာမီအချိန်အတွင်း တစ်ရွာလုံးနီးပါး တံငါလုပ်ငန်းကို အဓိကလုပ်ကိုင်နေပြီး ရေပေါ်တွင် လူနေအိမ်များ တည်ဆောက်ထားသော ကျောက္ကာကျေးရွာကို မြိတ်ကျွန်းစု၏ ခရီးစဉ်အသစ်အဖြစ် ရွေးချယ်ရန် စီစဉ်လျက်ရှိသည်။
ထို့ပြင် ကော့ဒွေးကျွန်းကမ်းခြေ၊ သဲအော်ကြီး ကျွန်းကမ်းခြေ၊ မအိုင်တောင်ကျွန်း ကမ်းခြေတို့နှင့်အတူ ပလစက်တော်ရာဘုရားသို့ သွားရောက် လည်ပတ် ဖူးမြော်နိုင်ရန်အတွက် ခရီးစဉ်များလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
မြိတ်မြို့မှ ရေမိုင် ၂၀ ခန့်ကွာဝေးပြီး ပုလောမြို့နယ် အတွင်း၌ ထူးခြားထင်ရှားကာ အဆိုပါ ရွာကလေးရှိ ဒေသခံအများစုသည် တစ်နှစ်ပတ်လုံး တံငါလုပ်ငန်းကို အဓိက လုပ်ကိုင်သည့် ကျေးရွာဖြစ်ပြီး ငါး၊ ပုဇွန်၊ ကင်းမွန်၊ ကျောက်ပုဇွန်နှင့် ငပိ/ ငါးခြောက် လုပ်ငန်းများကို အသက်မွေးဝမ်းကျောင်း လုပ်ငန်းအနေဖြင့် လုပ်ကိုင်ကြကြောင်း သိရသည်။
ကျောက္ကာကျေးရွာသည် ရွာပတ်လည်တွင် လူနေရပ်ကွက် ၄ ခု ရှိ၍ အိမ်ခြေ ၁၀ဝ၀ ကျော်နှင့် လူဦးရေ ၄၄၇၀ ခန့်ရှိကာ ပင်လယ်ပြင်အတွင်း ကျွန်း ကမ်းခြေတစ်လျှောက်နှင့် ရေပေါ်တွင် ကျေးရွာအဖြစ် တည်ဆောက်ထားခြင်း ဖြစ်ကြောင်း သိရသည်။
“ယခုနှစ် ခရီးသွားရာသီမှာ ခရီးစဉ်အသစ်များကို စတင်ရန်ရှိပြီး မြိတ်ကျွန်းစု ခရီးစဉ်တွင် မြိတ်မြို့၏ မြောက်ဘက်ရှိ လေးကျွန်း၊ သမီးလှကျွန်း ခရီးစဉ်များနှင့် ဆားကျွန်း၊ ပင်လယ်ထဲတွင် ဖောင်များနဲ့ ငါးမွေးမြူးရေး လုပ်ငန်းတွေကို ပြတယ်၊ မြိတ်မြို့ရဲ့ တောင်ဘက်ခရီးစဉ်က ဒုံးရေတံခွန်၊ ဒုံးရေတံခွန်ရဲ့ ထူးခြားချက်က ရေချို ရေတံခွန်ဖြစ်ပြီး ပင်လယ်ထဲကို တိုက်ရိုက်စီးကျတဲ့ ရေချို ရေတံခွန်နဲ့ ဆလုံတိုင်းရင်းသားများ နေထိုင်တဲ့ ဒုံးညောင်မှိုင်းအခြေပြု ခရီးစဉ်တို့အပြင် ဒီ ၂ နှစ်အတွင်း နာမည်ကြီးလာကာ ပြည်တွင်း/ပြည်ပခရီးသွား ဧည့်သည့်များ အသွားများလာတဲ့ စမတ်ကျွန်းဖြစ်ပါတယ်၊ စမတ်ကျွန်းကလည်း ထူးခြားတဲ့ ကျွန်းတစ်ကျွန်းဖြစ်ပြီး ကမ္ဘာမှာ(၁၁)ခုမြောက် ကျောက်တုံးကျောက်ခဲ သက်သက် ကမ်းခြေဖြစ်တယ်၊ မြန်မာနိုင်ငံမှာမှ တစ်ခုတည်းရှိတဲ့ ကျွန်းဖြစ်ပါတယ်။”
ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည်များ ရေပေါ်အိမ်(ဒေသအခေါ်ကျပ်ဆင်) တံငါရွာ ရေလုပ်သားများတို့၏ လူနေမှုဘဝတွေကို လေ့လာလို့ရမယ်၊ အပန်းဖြေ ရေချိုးရေကူး ရန်နှင့် ရေပေါ်ကျေးရွာဖြစ်သည့် ကျောက္ကာကျေးရွာ အနီးဝန်းကျင်မှာ ထူးခြားတဲ့ နတ်ရေတွင်းလို့ခေါ်တဲ့ ရေချိုတွင်းတစ်ခုရှိသည့် ကော့ဒွေးကျွန်းသို့ သွားရောက် လေ့လာနိုင်ရန် ခရီးစဉ်အသစ်တစ်ခု ထည့်သွင်းရေးဆွဲရန် စီစဉ်ဆောင်ရွက်နေပါတယ်" ဟု Mergui Dolphin ခရီးသွားကုမ္ပဏီမှ မန်နေဂျာ ဦးမြင့်သန်းက ပြောသည်။
မြိတ်ကျွန်းစုတွင် ကျွန်းပေါင်း ၈၀ဝ ကျော်ရှိသည်အနက် မြိတ်ခရိုင် ကျွန်းစုမြို့နယ်တွင် ရေပေါ်၌ လူနေအိမ်များ ဆောက်လုပ်နေထိုင်သော ကျေးရွာများမှာ မိုင်းသွေးကျေးရွာ ကျပ်ချောင်းကျေးရွာနှင့် သဲချောင်းကျေးရွာတို့ဖြစ်ပြီး ပုလောမြို့နယ်တွင် ကျောက္ကာ ကျေးရွာသည်လည်း ရေလုပ်ငန်းကို အခြပြုကာ ရေပေါ်၌ လူနေအိမ်များ ဆောက် လုပ်နေထိုင်သည့် ကျေးရွာဖြစ်ပြီး တံငါလုပ်ငန်း များစွာကိုလည်း ခရီးသွားဧည့်သည်များ ပိုမိုလေ့လာနိုင်မည်ဖြစ်ကြောင်း သိရသည်။
မြင့်ဦး(မြိတ်)