တာချီလိတ် ၁၀ နိုဝင်ဘာ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်နယ်စပ်ဝင်ပေါက်မှတစ်ဆင့် နိုင်ငံခြားသားကမ္ဘာလှည့် ခရီးသွားဧည့်သည်များ အဆက်မပြတ်ဝင်ရောက်လည်ပတ်လျက်ရှိရာ နိုဝင်ဘာ ၂ ရက်နေ့မှ နိုဝင်ဘာ ၈ ရက်နေ့အထိ နေ့ချင်းပြန်၊ ညအိပ် ခရီးစဉ်နှင့် ပြည်တွင်းခရီးစဉ်သို့ ဗီဇာဖြင့်(ဗီဇာကင်းလွတ်ခွင့်ရ)နိုင်ငံသားများအပါအဝင် စုစုပေါင်း ၂၂၅၁၅ ဦး ဝင်ရောက်လည်ပတ်ခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ တာချီလိတ်ရုံးခွဲမှ သိရသည်။
တာချီလိတ်နယ်စပ်ဝင်ပေါက်မှ နိုဝင်ဘာ ၂ ရက်နေ့မှ နိုဝင်ဘာ ၈ ရက်နေ့အထိ နိုင်ငံခြားသားခရီးသွား ဧည့်သည်များ ဝင်ရောက်လျက်ရှိရာ တာချီလိတ်နေ့ချင်းပြန်နှင့် ညအိပ်ခရီးစဉ် ထိုင်းနိုင်ငံသား ၂၁၀၂၃ ဦး၊တတိယ နိုင်ငံသား(နိုင်ငံခြားသား) ၁၇၃ ဦး၊ မိုင်းဖြတ်မြို့နှင့် ကျိုင်းတုံမြို့ ခရီးစဉ်သို့ ထိုင်းနိုင်ငံသားအများစုပါဝင်သည့် တတိယနိုင်ငံသားကမ္ဘာလှည့်ခရီးသည် ၂၉၀ ၊ ပြည်တွင်းခရီးစဉ်သို့ ဗီဇာဖြင့်(ဗီဇာကင်းလွတ်ခွင့်ရ) နိုင်ငံသား အပါအဝင် နိုင်ငံခြားသားကမ္ဘာလှည့်ခရီးသည် ၁၀၂၉ ဦး ဝင်ရောက် လည်ပတ်ခဲ့သည်။
အဆိုပါ ခရီးသွားဧည့်သည်များသည် နေ့ချင်းပြန်ခရီးအဖြစ် တာချီလိတ်မြို့ရှိတာလော့ဈေး၊ဘုရင့်နောင် ရုပ်ထု၊ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်၊ ဝမ်ကောင်းရပ်ကွက်ရှိ မြို့မဈေး၊ ရွှေတိဂုံစေတီတော်၊ မြို့နယ်ဓမ္မာရုံ၊ နဂါးနှစ်ကောင်ကျောင်းတိုက်၊ကိုးမြို့ရှင်နတ်နန်း၊ ပဒေါင်ကျေးရွာ၊အာခါဈေး၊ ကွမ်ရင်မယ်တော်နှင့်တရုတ်ဘုံကျောင်း၊ မိုင်းလင်းဆရာတော်ကျောင်း၊ လန့်တောင်းနှီးဘုရား၊ ရှေးဟောင်းတန်ခိုးကြီးစေတီပုထိုးများ၊ ရှမ်း ၊ အာခါ၊ လားဟူ တိုင်းရင်းသားကျေးရွာများသို့လည်းကောင်း၊ ညအိပ်ခရီးစဉ်အဖြစ် မိုင်းဖြတ်မြို့ရှိ မြတ်စွာဘုရားခြေတော်ရာစေတီ၊ သမိုင်းဝင်ဆုတောင်းပြည့် စွန်တောင်းစေတီ၊ ဘီလူးရှာ၊ ကျိုင်းတုံမြို့အဝင် ဗုဒ္ဓဥယျာဉ် နှင့် ကျိုင်းတုံမြို့ရှိ မဟာမြတ်မုနိဘုရား၊ စွန်တောင်းစေတီ၊ ရပ်တော်မူဘုရား၊ ဟိုခုံကျောင်း၊ ကျိုင်းရင်းဘုန်းကြီးကျောင်း၊ ဝပ်အင်းကျောင်း၊ ကျော့မ်ဆရီစေတီ၊ ပါလျန်ကျောင်း၊ သစ်တစ်ပင်တောင်၊ နောင်တုံကန်၊ ကမ္ဘာအေးစေတီ ၊ လွယ်မွေဒေသ၊ စံပြယန်းလောကျေးရွာ၊ ကိုးထပ်ရေးတံခွန်နှင့် ပင်းတောက်ရေတံခွန် စသည့် အထင်ကရနေရာများသို့ သွား ရောက်ကာ ဘုရားဖူးခြင်း၊ ရေမြေတောတောင် သဘာဝအလှရှုခင်းများနှင့် တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကို ဗဟုသုတအဖြစ် ကိုယ်တိုင်လေ့လာသိရှိခံစားမှုအပြင် ပြည်တွင်းပိုင်း ခရီးစဉ်အား တာချီ လိတ်မြို့မှ လေယာဉ်ခရီးစဉ် တိုက်ရိုက်ပျံသန်းသည့် မြို့များဖြစ်သော ဟဲဟိုး၊ ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ လားရှိုးမြို့များမှတစ်ဆင့် ပြည်တွင်းရှိ အထင်ကရ ဒေသများသို့ ဝင်ရောက်လည်ပတ်လျက်ရှိသည်။
တာချီလိတ်နယ်စပ်ဝင်ပေါက်မှ ၂၀၁၈ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ နိုဝင်ဘာလ ၈ ရက်နေ့အထိ ထိုင်းနိုင်ငံသားနှင့် တတိယနိုင်ငံသား နေ့ချင်းပြန်ခရီးသည် စုစုပေါင်း ၅၈၃၉၁၈ ဦး၊ မိုင်းဖြတ် နှင့် ကျိုင်းတုံခရီးစဉ်အဖြစ် ခရီးသည် ၅၂၇၃ ဦး၊ တာချီလိတ်မြို့မှ ဗီဇာဖြင့် ပြည်တွင်းပိုင်းခရီးစဉ်သို့ ၈၀၃၄ ဦး၊ စုစုပေါင်း ၅၉၇၂၂၅ ဦး ဝင်ရောက် လည်ပတ်ခဲ့ကြောင်း သိရသည်။
ဝေယံလင်း(ပြန်/ဆက်)