မန္တလေး ၁၉ နိုဝင်ဘာ
အိန္ဒိယနိုင်ငံ ယဉ်ကျေးမှုဌာန မန္တလေးမြို့အခြေစိုက် အိန္ဒိယနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးနှင့် မန္တလေးမြို့ရှိ K.A.F.T.G အဖွဲ့တို့ ပူးပေါင်း၍ မြန်မာ-အိန္ဒိယယဉ်ကျေးမှု ပူးပေါင်းဖလှယ်ရေး အစီအစဉ်အရ အိန္ဒိယနိုင်ငံမှ Mr.Ghulan Qadir ဦးဆောင်သော Qawwali Evening တေးဂီတ ဖျော်ဖြေရေးအဖွဲ့၏ ဖျော်ဖြေတင်ဆက်ပွဲကို နိုဝင်ဘာ ၁၈ ရက် ညနေ ၆ နာရီက မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ၆၆ လမ်းရှိ အမျိုးသားဇာတ်ရုံတွင် ကျင်းပသည်။
တေးဂီတဖျော်ဖြေတင်ဆက်ပွဲတွင် မန္တလေးမြို့အခြေစိုက် အိန္ဒိယနိုင်ငံ ကောင်စစ်ဝန်ချုပ်Mr.Nandan Singh Bhaisora က မြန်မာ-အိန္ဒိယချစ်ကြည်ရေး ယဉ်ကျေးမှု ပူးပေါင်းဖလှယ်ရေး ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။
ထို့နောက် မန္တလေးမြို့ K.A.F.T.Gအဖွဲ့မှ ဦးသိန်းဝင်းအောင်က ကျေးဇူးတင်စကား ပြောကြားသည်။ ထို့နောက် အိန္ဒိယနိုင်ငံမှ Mr.Ghulan Qadirနှင့်အဖွဲ့က ရိုးရာဓမ္မ တေးသီချင်းများနှင့် ကျေးလက်သီချင်းများအား အိန္ဒိယရိုးရာ တူရိယာများဖြင့် သီဆိုတီးမှုတ် ဖျော်ဖြေကြသည်။
ဖျော်ဖြေပွဲအပြီးတွင် အိန္ဒိယနိုင်ငံကောင်စစ်ဝန်ချုပ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြု ပန်းခြင်းနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများအား Qawwali Evening တေးဂီတ အဖွဲ့အား ပေးအပ်ပြီး မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။
ဖျော်ဖြေပွဲသို့ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ မန္တလေးတက္ကသိုလ်နှင့် အမျိုးသား ယဉ်ကျေးမှုတက္ကသိုလ်(မန္တလေး)မှ ဒုတိယပါမောက္ခချုပ်များ မန္တလေးမြို့ရှိ အိန္ဒိယနွယ်ဖွားများ အနုပညာချစ်မြတ်နိုးသူများ လာရောက်ကြည့်ရှု အားပေးကြကြောင်း သိရသည်။
သီဟကိုကို(မန္တလေး)