၂၈ ဇန်နဝါရီ

 

အာဖဂန်မှာ ၁၇ နှစ်ကြာအောင် ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေ ချုပ်ငြိမ်းသွားစေဖို့ ရည်ရွယ်ပြီး ကျင်းပနေတဲ့ အမေရိကန်နဲ့ အာဖဂန်ရှိ တာလီဘန်တွေရဲ့ ဆွေးနွေးပွဲတွေဟာ သိသိသာသာ တိုးတက်မှု ရှိနေတယ်လို့ အမေရိကန် သံတမန်တစ်ဦးက ပြောခဲ့ပါတယ်။

 

အတိတ်ကဆွေးနွေးပွဲတွေထက်သိသာ 

 

ကာတာမှာ ခြောက်ရက်ကြာ ဆွေးနွေးမှုတွေဟာ အတိတ်မှာတုန်းက လုပ်ခဲ့တဲ့ညှိနှိုင်းဆွေးနွေးမှုတွေထက်တော့ အကျိုးဖြစ်ထွန်းမှုရှိနေတယ်ဆိုတာ အမှန်ပဲလို့ အမေရိကန်သံအမတ် ဇယ်လ်မေ ခါလီဇက်က တွစ်တာပေါ်မှာ ရေးသားဖော်ပြမှုတွေ အများအပြားပြုလုပ်ခဲ့ပါတယ်။ အသေးစိတ်တော့ ၄င်းက ဖော်ပြထားခြင်း မရှိပါဘူး။

 

နှစ်ဖက်တိုက်ရိုက်ဆွေးနွေးဖို့ ငြင်းဆန် 

 

၄င်းလိုပဲ တာလီဘန်တွေကလည်း ဆွေးနွေးပွဲတွေ တိုးတက်မှုရှိတယ်လို့ ပြောခဲ့ပါတယ်။ မဖြေရှင်းရသေးတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီးတော့လည်း ဆက်ပြီး ဆွေးနွေးသွားဦးမှာဖြစ်တယ်လို့ သိရပါတယ်။ ခုချိန်ထိကတော့ ဘာကိုမှ အပြီးမသတ်နိုင်သေးပါဘူး။ တာလီဘန် စစ်သွေးကြွတွေဟာ ရုပ်သေးရုပ်တွေလို့ ၄င်းတို့ရှုမြင်နေတဲ့ အာဖဂန် အာဏာပိုင်တွေနဲ့ တိုက်ရိုက်ဆွေးနွေးဖို့ကို အရင်ကငြင်းဆန်ခဲ့ပါတယ်။ အမေရိကန်တပ်ဖွဲ့ဝင်တွေ အာဖဂန်ကနေ ရုပ်သိမ်းဖို့ တိကျခိုင်မာတဲ့ရက်စွဲတစ်ခု သတ်မှတ်ဖို့ သဘောတူလိုက်တဲ့ အချိန်ကျမှသာ အစိုးရနဲ့ ညှိနှိုင်းဆွေးနွေးတာတွေ စလုပ်မယ်လို့ တာလီဘန်တွေဘက်က ပြောခဲ့တာဖြစ်ပါတယ်။

 

ပြည်ပတပ်ဖွဲ့ဝင်တွေကို ရုပ်သိမ်းနေ 

 

ဆွေးနွေးပွဲတွေလုပ်နေတဲ့ နှစ်ဖက်စလုံးက သဘောတူညီချက် မူကြမ်းထဲမှာထည့်သွင်းမယ့် အကြောင်းအရာတွေကို အပြီးသတ်လိုက်ပြီ ဖြစ်တယ်လို့ တာလီဘန်သတင်းရင်းမြစ်တွေက စနေနေ့အစောပိုင်းမှာ ဖော်ပြခဲ့ပါတယ်။

 

အမေရိကန်ကို အယ်လ်ခိုင်ဒါနဲ့ အိုင်အက်စ်အစွန်း ရောက်စစ်သွေး ကြွအဖွဲ့တွေက တိုက်ခိုက်ဖို့အတွက် အာဖဂန်ကို စစ်အခြေစိုက်စခန်းတစ်ခုအနေနဲ့ အသုံးပြုခွင့် မပေးဘူးဆိုတဲ့ အာမခံချက်ကို တုံ့ပြန်တဲ့အနေနဲ့ သဘောတူစာချုပ်ထဲမှာ လက်မှတ်ရေးထိုးထားတဲ့အတိ်ုင်း ၁၈ လအတွင်းမှာ ပြည်ပကတပ်ဖွဲ့ဝင်တွေကို ရုပ်သိမ်းဖို့လုပ်နေ တယ်လို့ ဆွေးနွေးဖက်အဖွဲ့တွေက မျှော်မှန်းထားပါတယ်။

 

အရေးကြီးအဆင့်တွေမှာ သဘောတူညီမှုရ 

 

ဆွေးနွေးပွဲတွေ ပြုလုပ်နေတဲ့ နှစ်ဖက်စလုံးက တခြားသော အရေးကြီးဆုံးအဆင့်တွေဖြစ်တဲ့ အကျဉ်းသားလဲလှယ်မှုအပါအဝင် တာလီဘန် ခေါင်းဆောင်အချို့ကို ခရီးသွားလာခွင့်ပိတ်ပင် ထားတာတွေကိုဖယ်ရှားမှုနဲ့ ပတ်သက်ပြီးတော့လည်း သဘောတူညီမှုရရှိလာတာကို တွေ့ရပါ တယ်။၂၀၁၄ ခုနှစ်မှာ ပြည်ပကတပ်ဖွဲ့ဝင်တွေ အာဖဂန်ကနေ ထွက်ခွာသွားခဲ့တဲ့အချိန်ကစပြီး တာလီဘန်တွေ တန်ခိုးထွားလာခဲ့တာဖြစ်ပါ တယ်။ အာဖဂန်သမ္မတ အက်ရှရက်ဖ်ဂါနီက ၄င်းခေါင်းဆောင်ဖြစ်လာတဲ့ ၂၀၁၄ ခုနှစ်ကစပြီး နိုင်ငံ့လုံခြုံရေးတပ်ဖွဲ့ဝင် ၄၅၀ဝဝ မက အသတ်ခံခဲ့ရ တယ်လို့ ဆိုပါတယ်။

 

နှစ်ဖက်လုံးက စိတ်အားထက်သန်နေ အာဖဂန်လူဦးရေရဲ့ထက်ဝက်ဖြစ်တဲ့ လူပေါင်း ၁၅ သန်းခန့်ဟာ တာလီဘန်တွေ ထိန်းချုပ်ထားတဲ့ ဧရိယာတွေနဲ့ စစ်သွေးကြွတွေပြောင်ပြောင်တင်း တင်းသွားလာကျက်စားနေပြီး တိုက်ခိုက်မှုတွေအများအပြားလုပ်ဆောင်နေတဲ့ နေရာတွေမှာ နေထိုင်ကြသူတွေဖြစ်တယ်လို့ ခန့်မှန်းရပါတယ်။

 

ခြောက်ရက်ကြာမြင့်ခဲ့တဲ့ ဆွေးနွေးပွဲတွေဟာ သိသာထင်ရှားမှုရှိခဲ့ပြီး ဒီပဋိပက္ခနဲ့ပတ်သက်လို့ ငြိမ်းချမ်းတဲ့ အဖြေတစ်ခုကိုရှာတွေ့ဖို့ ကြိုးစားရာမှာ နှစ်ဖက်လုံးက ဘယ်လောက်တောင် စိတ်အားထက်သန်နေသလဲဆိုတာကို ဖော်ပြနေပါတယ်။

 

တာလီဘန်တို့ အဓိကတောင်းဆိုချက် တိုးတက်မှုရှိ

 

တာလီဘန်တွေရဲ့ အဓိကတောင်းဆိုချက်ဖြစ်တဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေ ရုပ်သိမ်းပေးရေး ကိစ္စမှာလည်း တိုးတက်မှုရှိခဲ့ပုံပါပဲ။ ခုချိန်ထိကတော့ တပ်ဖွဲ့ဝင်တွေရုပ်သိမ်းမယ့် အချိန်စာရင်းကို မထုတ်ပြန်ထားသေးပါဘူး။ အတုံ့အလှည့်အနေနဲ့ တာလီဘန်တွေဘက်က အာဖဂန်ကို နိုင်ငံတကာမှာ ရှိတဲ့ ဂျီဟတ်စစ်သွေးကြွတွေအတွက် အခြေစိုက်နေရာတစ်ခု ဖြစ်မလာစေရဘူးဆိုတာကို အာမခံချက်ပေးလိုတဲ့ အရိပ်အယောင်တွေမြင်နေရပါတယ်။ ဒါဟာ ခုချိန်မှာ တာလီဘန်တွေက ရှင်းရှင်းလင်းလင်းထုတ်ဖော်ပြောဆိုထားတဲ့ အချက်ဖြစ်ပြီး ၄င်းတို့ဘက်က တခြားဘယ်လိုလိုက်လျောမှုတွေ လုပ်လာနိုင်ဦးမလဲဆိုတာကို မှန်းဆနိုင်ခြင်း မရှိသေးပါဘူး။

 

အပစ်အခတ်ရပ်စဲရေး အမှန်တကယ်ဖြစ်လာမလား 

 

အာဖဂန်ပြည်သူလူထုရဲ့ အဓိကမေးခွန်း တစ်ခုကတော့ အပစ်အခတ်ရပ်စဲရေးအမှန်တကယ် ဖြစ်မြောက်လာနိုင်ခြင်း ရှိ မရှိဆိုတဲ့ မေးခွန်းပါပဲ။ ဒီအချက်က စစ်ပွဲကို စိတ်ကုန်ငြီးငွေ့နေတာကြာပြီ ဖြစ်တဲ့ ပြည်သူတွေကို စိတ်သက်သာရာရစေမယ့် လိုအပ်ချက်ကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။ အားလုံးဟာ ခုချိန်မှာ ပဋိပက္ခအဆုံးသတ်ရေးအပေါ်မှာ အာရုံစိုက်နေကြတာဖြစ်ပြီး တာလီဘန်အဖွဲ့အနေနဲ့ အစိုးရနဲ့ မျက်နှာချင်းဆိုင် ဖြေရှင်းကြဖို့ဖြစ်ပါတယ်။ ဒါပြီးရင်တော့ အမျိုးသမီးတွေရဲ့အခွင့်အရေး၊ လွတ်လပ်စွာရေးသားဖော်ပြခွင့်နဲ့ အာဖဂန် ဒီမိုကရေစီအရေးကိစ္စတွေနဲ့ပတ်သက်ပြီး ပိုမိုသိမ်မွေ့တဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ ရှိကောင်းရှိလာ နိုင်ပါတယ်။

 

နိုင်ငံရေးပါတီအဖြစ်သတ်မှတ်နိုင် 

 

မစ္စတာဂါနီက အကယ်၍ တာလီဘန်တွေဟာ အပစ်အခတ်ရပ်စဲရေးကို လက်ခံပြီး နိုင်ငံရဲ့ ဖွဲ့စည်း ပုံအခြေခံဥပဒေကိုလည်း အသိအမှတ်ပြုလက်ခံ မယ်ဆိုရင် တာလီဘန်တွေကို နိုင်ငံရေးပါတီ တစ်ခုအနေနဲ့ အသိအမှတ်ပြုနိုင်တယ်လို့ ယခင်က ပြောခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက အမေရိကန်ပြည်ထောင်စုဟာ အာဖဂန်မှာချထားတဲ့ တပ်ဖွဲ့ဝင်အရေအတွက်ရဲ့ ထက်ဝက်ခန့်ဖြစ်တဲ့ တပ်ဖွဲ့ဝင် ၇၀ဝဝ လောက်ကို အာဖဂန်ကနေ ရုပ်သိမ်းဖို့စီစဉ်နေတယ်လို့ သတင်းတွေပေါ်ထွက် လာခဲ့ပါတယ်။

 

ဒီလိုရုပ်သိမ်းတာက တာလီဘန်တွေ အောင်ပွဲခံစေဖို့ အခွင့်ကောင်းတစ်ခုပေးလိုက်သလို ဖြစ်လာမယ်လို့ ကျွမ်းကျင်သူတွေက သတိပေးခဲ့ ကြပါတယ်။

 

တာလီဘန်ဆိုတာ ဘယ်သူတွေလဲ

 

၁၉၉၀ ပြည့်နှစ်များ အစောပိုင်းကာလအတွင်းမှာ အာဖဂန်နစ္စတန်ကနေ ဆိုဗီယက်တပ်ဖွဲ့ဝင်တွေ ဆုတ်ခွာသွားပြီးနောက် ဆိုဗီယက်ယူနီယံ မပြိုကွဲခင်အချိန်မှာ တာလီဘန်စစ်သွေးကြွအုပ်စုတွေ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ 

 

တာလီဘန်တွေဟာ အာဖဂန်နစ္စတန်မှာ ၁၉၉၆ ခုနှစ်ကနေ ၂၀ဝ၁ ခုနှစ်အထိ စိုးမိုးခဲ့ပြီး ပြည်သူလူထုကို သတ်ဖြတ်ညှဉ်းပမ်းနှိပ်စက်မှုတွေပြုလုပ်တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရှာရီယာ ဥပဒေကိုပြဋ္ဌာန်းခဲ့ပြီး အမျိုးသမီးတွေကို အများပြည်သူဆိုင်ရာ အခွင့်အရေးတွေကနေ ပိတ်ပင်ခဲ့ပါတယ်။ 

 

၉/၁၁တိုက်ခိုက်မှုအပြီးမှာ အမေရိကန်ဦးဆောင်တဲ့ တပ်ဖွဲ့ဝင်တွေက တာလီဘန်တွေကိုတိုက်ထုတ်ပစ် ခဲ့ပါတယ်။ ၉/၁၁ တိ်ုက်ခိုက်မှုကို တာလီဘန်တွေ အကာအကွယ်ပေးထားတဲ့ အယ်လ်ခိုင်ဒါ စစ်သွေးကြွတွေက လုပ်ဆောင်ခဲ့တာလို့ အမေရိကန်က ဖော်ပြခဲ့ပါတယ်။ ။

 

ကိုးကား-အေအက်ဖ်ပီ၊ဘီဘီစီ
ကလျာမိုးမြင့်