၂၈ ဇန်နဝါရီ

 

ဒီဇင်ဘာလဟာ ဆရာကန်တော့ပွဲရာသီဖြစ်တယ်။ စီးပွားရေးတက္ကသိုလ်မှာ ဆရာကန်တော့ပွဲ ယဉ်ကျေးမှုက ရှင်သန်တယ်။ တခြားတက္ကသိုလ်တွေနဲ့တောင် မတူဘူး။ အတန်းပေါင်းစုံအတွက် လုပ်သလို တစ်တန်းချင်းလုပ်တာလည်း ရှိတယ်။ ဒီနှစ်မှာ ပွဲက (၅)ကြိမ်။ ကျွန်တော်အားလုံးသွားဖြစ်တယ်။ အားလပ်ရက် အချိန်နဲ့ တိုက်ဆိုင်တာမို့။

 

မြတ်နိုးစရာ ကန်တော့ပွဲယဉ်ကျေးမှု ပထမပွဲက ဒီဇင်ဘာ ၁၆ ရက် ၁၉၆၆-၁၉၇၀ ဘွဲ့ရ ကျောင်းသားတွေက ကန်တော်ကြီးမှာရှိတဲ့ ချပ်တရမ်ဟိုတယ်မှာ ကျင်းပတယ်။ အရင့်အရင်နှစ်တွေက တခြားနေရာမှာ လုပ်ခဲ့တယ်။ ဒီနှစ်တော့ ထူးထူးခြားခြား ဟိုတယ်မှာလုပ်တော့ ၁၉၆၆ ခုနှစ်က ကျွန်တော် ဆရာဖြစ်တဲ့နှစ်။ နည်းပြဆရာမို့ ပထမနှစ်နဲ့ ဒုတိယနှစ် နည်းပြအတန်းတွေမှာ စာသင်ရတယ်။ အတန်းကြီးတွေ သင်ခွင့်မရဘူး။

 

ကျောင်းသား ကျောင်းသူတွေနဲ့ အသက်သိပ်မကွာလှဘူး။ ဒုတိယပွဲက ပန်ဒါဟိုတယ်မှာ ဒီတစ်ခေါက်တော့ ၁၉၆၈-၁၉၇၂ ဘွဲ့ရကျောင်းသားတွေ ခန်းမထဲဝင်တော့ အမျိုးသမီးတွေက ရွှေဝါရောင်တူညီဝတ်စုံတွေနဲ့။ သူတို့က ၁၉၆၈ ခုနှစ် တက္ကသိုလ်ရောက်တာမို့ ရွှေရတု ပွဲကျင်းပနေတာ။ တတိယပွဲကတော့ အတန်းပေါင်းစုံ ကန်တော့ပွဲ။ စီးပွားရေးတက္ကသိုလ် မြက်ခင်းပြင်မှာ ကျင်းပတာ။ ပါမောက္ခချုပ်က မိတ္ထီလာ စီးပွားရေးတက္ကသိုလ်က ပြောင်းလာတဲ့ ဒေါက်တာတင်ဝင်း။ စတုတ္ထပွဲက ၁၉၈၄-၁၉၈၈ ဘွဲ့ရ ကျောင်းသားတွေ၊ နောက်ဆုံးပွဲကတော့ ၁၉၆၇- ၇၁/၇၂ ဘွဲ့ရ ကျောင်းသားတွေက စီစဉ်တဲ့ပွဲ။ ဒီကန်တော့ပွဲတွေ တက်ရတာ တစ်ပွဲနဲ့တစ်ပွဲ အတွေ့အကြုံမတူဘူး။ ခံစားချက်တွေလည်း ကွဲပြားတယ်။ တူညီတဲ့အချက်ကတော့ ကျောင်းသူ ကျောင်းသားတွေရဲ့ စေတနာပဲ။ သူတို့ကို ပညာသင်ပေးခဲ့တဲ့ ဆရာ ဆရာမတွေကို ကျေးဇူးဆပ်တဲ့ အနေနဲ့ အခုလိုလုပ်ပေးတာ။ လုပ်တဲ့ပုံစံကလည်း ခပ်ဆင်ဆင်ပါ။ ဆရာ ဆရာမတွေကို ကန်တော့ကြတယ်။ ကန်တော့ချိုး တွေတိုင်ကြတယ်။ ဆရာ ဆရာမတွေကို ပစ္စည်းနဲ့ ငွေကြေးကန်တော့ကြတယ်။ ဆရာ ဆရာမတွေက ပြန်ပြီးဆုပေး ကြတယ်။ ကျောင်းသူ ကျောင်းသားတွေက ကျေးဇူးတင် စကားပြောကြတယ်။ ပြီးတော့ အကျွေးအမွေးနဲ့ ဧည့်ခံကြတယ်။

 

ဆရာကန်တော့ပွဲယဉ်ကျေးမှုဟာ မြတ်နိုးစရာကောင်းလှတဲ့ကိစ္စတစ်ခုပါ။ အခုလိုလုပ်ပေးတဲ့အတွက် ဆရာတွေနဲ့ တပည့်တွေ ပြန်တွေ့ရတယ်။ 

 

သူငယ်ချင်းအချင်းချင်း တွေ့ဆုံရတယ်။ ဆရာ ဆရာမတွေလည်း တစ်ယောက်နဲ့တစ်ယောက် ပြန်ဆုံရတယ်။ အနှစ်သာရက ဒါပါပဲ။ ဆက်သွယ်ရင်းနှီးမှုတွေ ပြန်လည် ဖော်ထုတ်တာ။

 

အလွှာစုံရောက် သူငယ်ချင်းများ ကျွန်တော့်အနေနဲ့ ဒီနှစ်ကန်တော့ပွဲတွေကို သုံးမျိုးခွဲခြားပြီး စဉ်းစားခဲ့တယ်။ ၁၉၆၆-၁၉၆၇-၁၉၆၈ ဘွဲ့ရ ကျောင်းသူ ကျောင်းသားတွေက ကျွန်တော်နည်းပြဆရာဘဝက ဆုံခဲ့ကြသူတွေ။ ၁၉၈၄ ကတော့ ကျွန်တော်နိုင်ငံခြားက ပြန်လာပြီး ကထိက ရာထူးနဲ့ တာဝန်ယူစဉ်။ နောက်ဆုံးကတော့ တစ်ကျောင်းလုံး အတွက်ဖြစ်တာမို့ ကျွန်တော့်ရဲ့ ဆရာသက်တမ်း နှစ်တမ်းနဲ့ ပတ်သက်တာ။ ကျွန်တော့်ရဲ့ဆရာ ဘဝက သုံးပိုင်း။ 

 

ပထမပိုင်းက ၁၉၆၆ ခုနှစ်ကနေ ၁၉၇၁ ခုနှစ်အထိ၊ ဒုတိယအပိုင်းကတော့ ၁၉၇၇ ခုနှစ်ကနေ ၁၉၈၄ ခုနှစ်အထိ။ တတိယပိုင်းကတော့ ၁၉၈၈-၁၉၈၉ ခုနှစ်။ ၁၉၆၆-၁၉၆၇-၁၉၆၈ ကျောင်းသူ ကျောင်းသားတွေက ၆၀ ကျော်၊ ၇၀ ကျော်တွေ။ ဒီအထဲမှာ ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ òန်ကြားရေးမှူးချုပ်၊ òန်ကြား ရေးမှူး၊ ပြည်ထောင်စုဝန်ကြီး တစ်ဦးတောင်ပါဝင်တာ။ တချို့တွေ က စီးပွားရေးမှာ အောင်မြင်နေကြသူတွေ၊ အများစုကတော့ အငြိမ်းစားယူနေကြတယ်။ ၁၉၈၄ ကျောင်းသူ ကျောင်းသားတွေ အထဲမှာ ပါမောက္ခချုပ်၊ ညွှန်ကြားရေးမှူးချုပ်တွေ ပါဝင်တယ်။ အလုပ်လုပ်နေကြသူတွေက အများစု။ အတန်းစုံမှာတော့ ကျွန်တော်နဲ့အတူ ကျောင်းနေဖက်တွေပါသလို တပည့်တွေ ကတော့ အများစု။

 

တာထွက်တူပေမယ့် ပန်းဝင်မတူကြ 

 

ကန်တော့နေကြသူတွေကိုကြည့်ပြီး အတန်းထဲမှာ အတူတူ တက်ကြပေမယ့် ကျောင်းပြီးသွားချိန်မှာ ပုံစံတွေ မတူကြတော့ဘူး။ ရာထူးကြီးကြီး ရကြသလို တချို့တွေကျတော့လည်း အဆင်မပြေလှဘူး။ ဘာကြောင့် ဒီလိုဖြစ်တာလဲ။ တာထွက်ချင်း တူပေမယ့် ပန်းဝင်တာတော့ မတူညီကြဘူး။ ရာထူးကြီးတာ၊ ဒီအကြောင်းကို နောက်ဆုံးပွဲမှာ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက အရိပ်အမြွက်ပြောပြီး သူ့ရဲ့မုဒိတာ စကားကို တိုတိုလေး ပြောခဲ့တယ်။ သူအပြီးမှာ ဆရာမ ဒေါ်မြသန်းနွယ်ကလည်း ကိုယ်တစ်မိနစ်ပဲ ပြောပါ့မယ်လို့ ကျွန်တော့်ကို ကတိပေးပြီး သူ့ကတိအတိုင်း တိုတိုနဲ့ လိုရင်း ပြောခဲ့တယ်။ အမှန်တော့ ဆရာ ဆရာမတွေက အခုလို အလိုက်သိရင် အားလုံးအတွက် အဆင်ပြေမှာ။ ဒီနှစ်မှာ ကျွန်တော်ဆုမပေးခဲ့ရပါဘူး။ ရခဲ့တဲ့အချိန်တွေမှာ ကျွန်တော်က တိုတိုပဲ ပြောခဲ့တယ်။ အမှန်တော့ ကန်တော့တဲ့သူတွေကို ကျေးဇူးတင်ကြောင်း၊ နောင်နှစ်တွေမှာလည်း ကန်တော့နိုင်ဖို့ ဆုတောင်းပါကြောင်း၊ ကျန်းမာရေးကို ဂရုစိုက်ကြပြီး ဘယ်နေရာ ရောက်ရောက် ကိုယ်တတ်နိုင်သမျှ အလုပ်အကျွေးပြုဖို့ အားပေးခဲ့ပါတယ်။

 

ကန်တော့ပွဲများမှ သံဝေဂရ 

 

ကန်တော့ပွဲတွေကြောင့် တရားရပါတယ်။ အိုနာသေတဲ့ အနိစ္စသဘောကို မျက်ဝါးထင်ထင် မြင်ရပါတယ်။ ဒီနှစ်ရဲ့ ထူးခြားချက်မှာ ကွယ်လွန်သွားတဲ့ ဆရာ ဆရာမတွေ၊ ကျောင်းသူ ကျောင်းသားတွေအတွက် အမှတ်တရ သတိရပြီး ဆိတ်ငြိမ်မှု တစ်မိနစ်လုပ်ခဲ့ကြတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ဆင်ခြင်ခွင့်ရပါတယ်။

 

ကျန်းမာရေးချို့တဲ့နေတဲ့ ဆရာ ဆရာမတွေ၊ ကျောင်းသူ ကျောင်းသားတွေကြည့် ကိုယ်လည်းအခုလို ကြုံရ၊ ဖြစ်ရမှာကို သတိပေးနေသလိုပါပဲ။ တလောက စာအုပ်တစ်အုပ်ဖတ်ခဲ့ရ တယ်။ Refire not retire ဆိုတဲ့ ခေါင်းစဉ်နဲ့။ 

 

အဓိပ္ပာယ်က အငြိမ်းစားတာ မဟုတ်ဘဲ ပြန်လည်ဆန်းသစ်ဖို့။ အသက် ၆၀ ကျော်လို့ အလုပ်လုပ်ချင်မှ အငြိမ်းစားယူပြီးချိန်မှာ လုပ်စရာ တွေက အများကြီးဖြစ်တယ်။ ဘာတွေလုပ်ပါလို့ ကျွန်တော် မပြောချင်ပါဘူး။ တစ်ဦးနဲ့တစ်ဦး ရွေးချယ်မှုပုံစံက ကွဲလွဲကြမှာ။ စာအုပ်ရဲ့ တိုက်တွန်းချက်အရ အငြိမ်းစားပြီးချိန်မှာ မိမိရဲ့ ဘဝကို ပြန်လည်ဆန်းသစ်အောင် မီးအသစ်မွှေးဖို့ ဝါသနာ ပါတဲ့အလုပ်။ အလုပ်ခွင်မှာရှိတုန်း မလုပ်နိုင်တာတွေကို လုပ်ဖို့ ပြောတာ။ 

 

အရေးကြီးတာက မိမိရဲ့ ပတ်ဝန်းကျင်၊ မိမိရဲ့ မိသားစု အဆင်ပြေအောင် ကြိုးစားဖို့ပါ။ နောက်ဆုံးပွဲမှာ တပည့်က ကျေးဇူးတင်စကား ပြောခဲ့ပါတယ်။


သူပြောတဲ့အထဲ အခု သူအလုပ်လုပ်နေတာ နောင်ဘဝကို သယ်လို့မရတာတွေ အတွက် မလုပ်တော့ဘဲ ကိုယ်နဲ့အတူပါမယ့် အလုပ်တွေ လုပ်နေကြောင်း ပြောပြတယ်။ သူ့စကားနားထောင်ပြီး ကျွန်တော် နောင်တရမိပါတယ်။ နောင်ဘဝပါမယ့် အလုပ်တွေ ကျွန်တော် အခုချိန်အထိ မလုပ်နိုင်သေးပါဘူး။ ဒါပေမယ့် သယ်လို့ရတဲ့ အလုပ်တွေကိုလည်း လုပ်နေတာမဟုတ်ဘဲ ကိုယ့်ပညာ၊ ကိုယ့်အသိနဲ့ မိမိပတ်ဝန်းကျင်ကောင်းအောင် ကြိုးစားနေတုန်း။ စွဲလမ်းမှုကြောင့်မို့ စွန့်လွှတ်ဖို့ မလွယ်သေးပါဘူး။ ကြိုးစားရဖို့လိုကြောင်း နားလည်ပါတယ်။ ။

 

ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်