မန္တလေး ၂၀ နိုဝင်ဘာ
ယခု ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ကိုးလတာကာလအတွင်း မန္တလေးတိုင်းဒေသကြီး အတွင်းသို့ နိုင်ငံတကာ ခရီးသွားဧည့်သည် ၃၂၂၁၃၀ ဦး ဝင်ရောက်မှုရှိလာကြောင်း မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန စာရင်းများအရ သိရှိရသည်။
''ဒီနှစ် မန္တလေးကို ဥရောပခရီးသွားဝင်ရောက်မှု အနည်းငယ်ကျဆင်းခဲ့ပေမယ့် တရုတ်ခရီးသွားတွေနဲ့ ဗီဇာကင်းလွတ်ခွင့်ပြုထားသည့် နိုင်ငံတွေက ခရီးသွားတွေ ဝင်ရောက်မှု မြင့်တက်လာခဲ့တယ်။ အဓိက ဝင်ရောက်မှုအနေနဲ့ တရုတ်ခရီးသွား ဝင်ရောက်မှုက ယခု စက်တင်ဘာလအထိ ယခင်နှစ်ထက် ၃၀ ရာခိုင်နှုန်းကျော် ပိုမိုဝင်ရောက်လာတဲ့အပြင် လက်ရှိကာလကလည်း ခရီးသွားရာသီကာလ ဖြစ်နေပါတယ်'' ဟု အဆိုပါဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းယုက ပြောသည်။
မန္တလေးတိုင်းဒေသကြီးအတွင်းသို့ ခရီးသွားအမျိုးအစား စုံလင်စွာ ဝင်ရောက်လာရေးအတွက် ရာသီအလိုက် ပွဲတော်များ နိုင်ငံတကာ ဖိတ်ခေါ်အားကစားပွဲများ၊ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ၊ ရိုးရာဓလေ့ထုံးစံများ၊ ရိုးရာအစားအစာများဖြင့် ဖော်ထုတ်၍ ဆွဲဆောင်နေသကဲ့သို့ ခရီးစဉ်ဒေသအသစ်များ၊ လူထုအခြေပြု ခရီးသွားလုပ်ငန်းများ ဖော်ဆောင်ပေးခြင်းနှင့် လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘာသာစကားဆိုင်ရာ ဧည့်လမ်းညွှန်သင်တန်းများလည်း ဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရသည်။
ယခုနှစ်တွင် မန္တလေးတိုင်းဒေသကြီးအတွင်းသို့ နိုင်ငံတကာ ခရီးသွားဝင်ရောက်မှုအား ငါးသိန်းလျာထားခဲ့ရာ လက်ရှိ စက်တင်ဘာလအထိ ၃၂၂၁၃၀ ဦး ဝင်ရောက်ခဲ့ပြီး ၎င်းတို့အနက် တရုတ်ခရီးသွား ၁၃၄၈၁၈ ဦး၊ ထိုင်းနိုင်ငံမှ ၁၈၈၅၅ ဦး၊ ပြင်သစ်နိုင်ငံမှ ၁၇၂၄၄ ဦး၊ အမေရိကန်နိုင်ငံမှ ၁၀၆၂၂ ဦးနှင့် ဂျပန်နိုင်ငံမှ ၁၀ဝ၁၂ ဦး တို့ အများဆုံး ဝင်ရောက်လျက်ရှိသည်။
မန္တလေးတိုင်းဒေသကြီးအတွင်းသို့ နိုင်ငံတကာ ခရီးသွားများ နှစ်အလိုက် ဝင်ရောက်မှုအနေဖြင့် ၂၀၁၅ ခုနှစ်တွင် ၃၀၆၄၃၂ ဦး၊ ၂၀၁၆ ခုနှစ်တွင် ၃၈၅၀၃၁ ဦး၊ ၂၀၁၇ ခုနှစ်တွင် ၄၈၃၇၈၄ ဦးနှင့် ယခု ၂၀၁၈ ခုနှစ်တွင် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ၃၂၂၁၃၀ ဦးတို့ ဝင်ရောက်ခဲ့ကြောင်း သိရသည်။
အေပီကေ(မန်းကိုယ်ပွား)