၂၄ နိုဝင်ဘာ
မြန်မာနိုင်ငံ၏ ပြည်တွင်းပြည်ပ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းကို မြှင့်တင်သည့်အနေဖြင့် မြို့ပေါ်နေရာများတွင် အခြေခံအဆောက်အအုံများကို ဖန်တီးတည်ဆောက်လာသည်နှင့်အမျှ တောတောင်ရေမြေနှင့် သဘာဝအလှတရားများကို အခြေခံထား၍ သဘာဝအခြေခံခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အာရုံစိုက်လာကြသည်။ ထိုအထဲမှ ဆင်များကိုအခြေခံသည့် ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးအခြေပြု ခရီးသွားလုပ်ငန်းများကို အကောင်အထည်ဖော်လာကြရာ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်တို့၏ စိတ်ဝင်စားမှုကို စတင်ရရှိလာပြီ ဖြစ်သည်။
“ ဒီဆင်စခန်းက ချင်းပြည်နယ်ရဲ့ ပထမဦးဆုံးဆင်စခန်းပါ။ စခန်းအမည်က Land of Elephants ဆင်အလှပြ အပန်းဖြေစခန်း လို့ခေါ်ပါတယ်။ တည်ရှိရာနေရာကတော့ တီးတိန်မြို့နယ် ဆီးယင်းကြိုးဝိုင်း အကွက်အမှတ် ၁၃၈ အပေါ်မှာတည်ရှိပါတယ်။ ပိန်းပိကျေးရွာနှင့် ခိုင်ကမ်းမြို့နယ်အကြားမှာ တည်ရှိပါတယ်။ ဒီဆင်စခန်းကို လာမယ်ဆို ခိုင်ကမ်းမြို့ကနေကျောက်တစ်လုံးကို သွားတဲ့လမ်းအတိုင်းလာရပြီး ခိုင်ကမ်းကနေ (၅) မိုင်အကွာမှာ တည်ရှိပါ တယ်။ဒီဆင်စခန်းကို ဒီနေရာမှာ ရွေးချယ်ဖြစ်ခဲ့တာက ပြည်နယ်မန်နေဂျာနဲ့အတူ ဆင်စခန်းဖွင့်ဖို့နေရာရှာကြ ပါတယ်။ဒီလိုနေရာရှာတဲ့အခါမှာ ပထမတော့ ကျောက်တစ်လုံးအထက်ဖက်နားကို ရွေးကြတာပါ။ ပထမရွေးတဲ့ နေရာကို အားလုံးစုပြီး တိုင်ပင်ကြတဲ့အခါမှာ ဒီဆင်စခန်းက ချင်းပြည်နယ်ရဲ့ ပထမဦးဆုံး ဖွင့်လှစ်တာဖြစ်တယ်။ ချင်းပြည်နယ်ရဲ့ အလှတွေပါရမယ်။ ဒါကြောင့် ဒီထက်ပိုလှတဲ့နေရာ ထပ်ရှာကြမယ်ဆိုပြီး အထက်ဖက်ကို ဆန်တက်လိုက်ရှာ ကြတဲ့အခါမှာ ဒီနေရာလေးကိုတွေ့တာပါ။ ဒီနေရာလေးက အပေါ်ဘက်မှာလည်း ကြိုးတံတား လေးနဲ့။ ချောင်းလေးနဲ့ တောင်တန်းလေးတွေကလည်း အစီအရီနဲ့ တောအထပ် တောင်အထပ်ထပ်လေးတွေနဲ့ ဆိုတော့ အားလုံးဒီနေရာကို သဘောတူ ရွေးချယ်လိုက်ကြတာပါ ’’ ဟု အဆိုပါစခန်းမှ သစ်အုပ်ကြီး ဦးတိုးချစ်မှူးပိုင် က ပြောပြသည်။
ဆင်အလှပြအပန်းဖြေစခန်း ကို ရောက်ပြီဆိုလျှင် ချင်းလူမျိုးများ၏အခေါ် ကွဲချောင်း(ခ)လိုင်ဘုံချောင်း၊ မြန်မာ လူမျိုးများအခေါ် ကိုးမိုင်ချောင်းကို ရေပြင်မှ အထက် ပေ(၁၀၀)ကျော်အထက်မှ ဖြတ်၍ဆောက်လုပ်ထားသော ပေ (၁၅၀) အကျယ် ကြိုးတံတားကို ဖြတ်၍သွားရပြီး ကြိုးတံတားဆုံးလျှင် လက်ဝဲဘက်သို့ကွေ့ကာ တောင်အောက်သို့ ဆင်းသွားရပြီး ချောင်းရိုးအတိုင်း ပေ (၅၀၀) ခန့် ပြန်စုန်သွားလျှင် ဆင်အလှပြစခန်းသို့ ရောက်ရှိ ပြီဖြစ်သည်။
ဆင်အလှပြစခန်းကိုရောက်ပြီဆိုလျှင် သစ်ရိပ်ဝါးရိပ်တို့၏ အောက်တွင် ကျေးငှက်တို့၏ အသံများ၊ ချောင်းရေစီးသံ များဖြင့် သာယာလှသည့်ပတ်ဝန်းကျင်ကို အရင်ဦးဆုံး ထိတွေ့ရမည်ဖြစ်သည်။ဆင်စခန်းနှင့် ကြိုးတံတား၏ နောက်ခံ ရှုခင်းကား ချင်းတောင်တန်း၏ အလှများဖြင့် လှချင်တိုင်း လှနေပေတော့သည်။
မြန်မာ့ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးရေးကို အထောက်အကူပြုသည့် ရပ်ရွာလူထု အခြေပြုခရီးသွားလုပ်ငန်း၊ သဘာဝအခြေပြု ခရီးသွားလုပ်ငန်း၊ အဏ္ဏဝါအခြေပြု ခရီးသွားလုပ်ငန်းတို့ကို တိုးချဲ့ဆောင်ရွက်လျှက်ရှိရာ မြန်မာ့သစ်လုပ်ငန်းက အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသည့် သဘာဝအခြေပြု ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် လာရေးအတွက် မြန်မာ့သစ်လုပ်ငန်းက ဖွင့်လှစ်ထားသော မြန်မာတစ်နိုင်ငံလုံးဆင်စခန်းပေါင်း (၁၈) ခုရှိသွားပြီဖြစ် ပြီး ဆင်အကောင်ရေ (၂၀၅) ကောင် အသုံးပြုဖွင့်လှစ်ထားကြောင်း သိရကာ ယခုထပ်မံဖွင့်လှစ်မည့် Land of Elephants ဆင်အလှပြအပန်းဖြေစခန်း နှင့်ဆိုလျှင် ဆင်အလှပြစခန်းပေါင်း (၁၉) ခုမြောက် ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း သိရသည်။
“ ဆင်ကို ဒီမှာခေါ်ပြမှာက ဆင်မ (၃) ကောင်နဲ့ ဆင်ထီး (၄) ကောင် စုစုပေါင်း (၇) ကောင်နဲ့ ဆင်အခြေပြု ခရီးသွားလုပ်ငန်းကို ဆောင်ရွက်သွားမှာပါ။ ဆင်တွေရဲ့အသက်ကလည်း ငယ်ရွယ်သေးတဲ့ဆင်တွေကို အသုံးပြုထားပါ တယ်။ ဆင်တွေကအငယ်တွေပါ။ ဝန်တင်ဆင်လို့ခေါ်ပါတယ်။ ဆင်တွေဆိုတာက အသက် (၁၈) နှစ်ပြည့်မှ ခိုင်းလို့ရတာလေ။ ဒီကိုခေါ်ထားတဲ့ ဆင်တွေရဲ့အသက်က (၉) နှစ်သားတွေလည်းပါတယ်။ (၁၀) နှစ်သားတွေပါတယ်။ အကြီးဆုံးကတော့ (၂၃)နှစ်သားကို ခေါ်ထားပါတယ်။ ဒါကလည်း ဆင်လာကြည့်တဲ့သူတွေက စွယ်စုံဆင်ကြီးတွေမှ ကြည့်ချင်တာလေ။ ခရီးသွားပြည်သူတွေအနေနဲ့ ဆင်စီးကြမယ်ဆိုရင်တော့ နိုင်ငံတော်က တရားဝင်သတ်မှတ်ထားတဲ့ တစ်နိုင်ငံလုံးက ဈေးနှုန်းအတူတူဖြစ်တဲ့ နိုင်ငံသားတစ်ဦးဆိုရင် ဆင်စခန်းကိုဝင်ကြေးအနေနဲ့ကျပ် (၁၀၀၀) သတ်မှတ်ထားပြီး တစ်ခါစီးရင် လူကြီးဆို ငွေကျပ် ၅၀၀၀ နဲ့ ကလေးဆို ကျပ် ၃၀၀၀ နှုန်းနဲ့ သတ်မှတ်ထားပါတယ်။ ဆင်ဦးစီးတွေစီးတဲ့ ဆင်ခေါင်းပေါ်ကစီးလို့လဲရတယ် အလောင်းတော်ကဿပကလိုမျိုး ဆင်ပခက်နဲ့ စီးလို့လည်း ရပါတယ် ’’ ဟု သစ်အုပ်ကြီး ဦးတိုးချစ်မှူးပိုင်ကပင် ဆက်လက်ပြောပြသည် ။
ဆင်စခန်းသို့လာရောက်သူများအနေဖြင့် ဆင်စာများကျွေးမည်ဆိုလျှင် မြန်မာ့သစ်လုပ်ငန်း ဆင်စခန်းမှ သတ်မှတ်ထားသည့် ဆင်စာများကိုသာ ကျွေးနိုင်ပြီး ပြင်ပမှယူဆောင်လာသော အစာများကို ကျွေးခွင့်မရှိကြောင်း၊ ဆင်စာ တစ်ခါကျွေး ကြံတစ်စီးလျှင် ကျပ်(၅၀၀) ရှိကြောင်း သိရသည် ။
ဒီအနီးအနားက ကျေးရွာတွေမှာ ယခင်တုန်းက ငှက်ပျောတွေ၊ ကြံတွေစိုက်တယ်လို့သိရပါတယ်။ ယခုတော့ တချို့လဲ တောင်ယာစပါးတွေ ပြောင်းစိုက်နေကြပြီလို့သိရပါတယ်။ သူတို့ကစိုက်ပြီးလို့ရှိရင် ကလေးမြို့အထိ သွားရောင်းကြ ရတာလေ ယခုကြတော့ ဒီအနီးအနားကထွက်တဲ့ ငှက်ပျောတွေ တောင်ယာစပါး တွေကို ဆင်စာ အတွက် ဝယ်မှာဖြစ်တာကြောင့် ကျေးရွာတောင်သူတွေ ရောင်းချင်တယ်ဆိုရင် အဝေးကြီးကို သွားရောင်းစရာ မလို တော့ပါဘူး ဟု သစ်အုပ်ကြီးက ဆိုသည်။
ဆင်စခန်းသို့လာရောက်သူ ခရီးသွားဧည့်သည်များကို ပြည်ပခရီးသွားဧည့်သည်များ လာရောက်နိုင်သည်အထိ မျှော်မှန်းထားပြီး နိုင်ငံခြားဝင်ငွေရရှိရေး အနာဂတ်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးတွေအထိ မျှော်မှန်းလုပ် ဆောင်လျှက်ရှိရာ ပြီးခဲ့သည့် နှစ်ကာလများအတွင်း ဆင်စခန်းပေါင်း (၁၈) ခုမှ နိုင်ငံတော်အတွက်ဝင်ငွေ ကျပ်သန်း (၄၃၀) နီးပါးဝင်ငွေရရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် သစ်ထုတ်လုပ်မှုရပ်ဆိုင်းခြင်းကို နေရာဒေသအလိုက် နှစ်အကန့်အသတ်ဖြင့် ဆောင်ရွက် လာခြင်းကြောင့် သစ်လုပ်ငန်းတွင် အသုံးပြုနေသည့် ဆင်များမှာ အလုပ်လက်မဲ့ဖြစ်ပေါ်ခဲ့ပြီး ယင်းဆင်များကို အသုံးပြု၍ သဘာဝအခြေပြု ခရီးသွားလုပ်ငန်းများတွင် အသုံးပြုလာခြင်းဖြစ်ကာ နိုင်ငံတော်အတွက် တစ်ဖက် တစ်လမ်းမှ ဝင်ငွေရရှိအောင် ဆောင်ရွက်ပေးနေခြင်း ဖြစ်သည် ။
မြန်မာနိုင်ငံအနေနဲ့ ၂၀၁၆ ခုနှစ်တွင် သစ်ထုတ်လုပ်ရေးလုပ်ငန်းကို ရပ်နားလိုက်ပြီး ဖြစ်တာကြောင့် လုပ်ငန်းတစ်ခုရအောင် ရည်ရွယ်ပါတယ်။ ဆင်စခန်း ဖွင့်လှစ်ရတဲ့ ရည်ရွယ်ချက်ကတော့ ခရီးသွားလုပ်ငန်းကနေဝင်ငွေတစ်ခုတည်း ရချင်တာမဟုတ်ပါဘူး ဆင်တွေနဲ့လူတွေနဲ့ပိုပြီး ရင်းနှီးကျွမ်းဝင်မှုရှိအောင် လူတွေအနေနဲ့လည်း အနားယူအပန်းဖြေစရာ နေရာတစ်ခု တိုးလာအောင် ဖွင့်လှစ်ခြင်းဖြစ်ပါတယ်။ ဒီဆင်စခန်းဖွင့်တယ်ဆိုတာ သဘာဝပတ်ဝန်းကျင်ကို အခြေခံပြီး ဖွင့်လှစ်ရတာဖြစ်တာကြောင့် သဘာဝပတ်ဝန်းကျင်ကို လူတွေလေ့လာလို့ ရအောင် တောတောင်သဘာ၀တောတောင်ရေမြေ သဘာဝရှုခင်းတွေကို ခံစားပြီးတော့ သဘာဝပတ်ဝန်းကျင်းကို ပိုပြီးတော့ ချစ်တတ်လာအောင် စတဲ့ရည်ရွယ်ချက်တွေနဲ့ ဖွင့်လှစ် ခြင်းဖြစ်ပါတယ်ဟု တီးတိန်မြို့ နယ်သစ်တော ဦးစီးအရာရှိက ပြောပြသည် ။
Land of Elephants ဆင်အလှပြအပန်းဖြေစခန်း ဖွင့်လှစ်နိုင်အောင် ကျွန်တော်တို့ စက်တင်ဘာလ ကတည်းက စပြီးပြင်ဆင်ခဲ့တာပါ။ ခရစ်စမတ်မတိုင်မီ ဒီဇင်ဘာလအတွင်းမှာ ဖွင့်လှစ်နိုင်အောင် ပြင်ဆင်နေပါတယ်။ ဒီလိုဖွင့်လှစ်နိုင်အောင်လည်း ဝန်ထမ်းတွေက အင်တိုက်အားတိုက် ဆောင်ရွက်နေကြပါတယ်။ ဆင်စခန်းဖွင့်ပွဲ မပြုလုပ် ရသေးပေမဲ့ လာရောက်လေ့လာသူတွေက ဆင်စီးချင်တယ်ဆိုရင် လက်ခံပြီးဆောင်ရွက်ပေးနေပါပြီ။ စခန်းဖွင့်ပြီးသလို ကတွေနဲ့ခမ်းခမ်းနားနားတော့ မရသေးပါဘူး လှည့်ပတ်စီးပြတာတွေကိုလည်း မလုပ်ပေးနိုင်သေးပါဘူး။ ဆင်ဦးစီး စီးသလိုခေါင်းပေါ်တက်ပြီး စီးတာတို့ ဓါတ်ပုံရိုက်ချင်တာတို့ကိုတော့ လက်ခံဆောင်ရွက်ပေးပါတယ် ဟု ဦးတိုးချစ်မှူးပိုင်က ပြောပြသည်။
အဆိုပါ ဆင်အလှပြစခန်းဖွင့်လှစ်ရာနေရာသည် ယခင်တုန်းကတည်းက တက္ကသိုလ်ကျောင်းသားကျောင်း သူလေးများလာရောက်ပြီး ကြိုးတံတားသို့လာရောက်ကာ အပန်းဖြေခြင်း ချောင်းထဲတွင် ရေချိုးခြင်းနှင့်အဖွဲ့လိုက် ပျော်ပွဲစားထွက်ရာနေရာဖြစ်ကြောင်း သိရပြီး ယခုဆင်စခန်း ဖွင့်လှစ်လိုက်ခြင်းကြောင့် လူသိပိုများလာကာ စနေနှင့် တနင်္ဂနွေနေ့များတွင် ပိုစည်ကားတတ်ပြီး မိသားစုများပါ အပန်းဖြေလာရောက်ရာနေရာဖြစ်လာပြီဖြစ်သည် ။
Land of Elephants ဆင်အလှပြအပန်းဖြေစခန်း ဧရိယာအကျယ်ကို ဧက(၁၅၀) အကျယ်ဖြင့် ချောင်း အထက်ပိုင်း အောက်ပိုင်းအပါအဝင် ဧကတော်တော်များများကို ခွင့်ပြုချက်ရရှိနိုင်ရေးတင်ပြထားကြောင်းသိရပြီး နောက်ပိုင်းတွင် သဘာဝတန်ဖိုးမြင့်စိုက်ခင်းများလုပ်ဖို့ စီစဉ်ထားကြောင်း သိရသည်။
ကျွန်တော်တို့တောင်းထားတဲ့ ဧက(၁၅၀) အတွင်းမှာတော့ တန်ဖိုးမြှင့်စိုက်ခင်းတွေစိုက်ဖို့လည်းပါမယ် ။ည ဖက်တွေမှာ ဆင်တွေကိုလွှတ်ကျောင်းထားရအောင်လို့လည်းဖြစ်ပါတယ်။ မနက်မိုးလင်းလို့ဧည့်သည်တွေလာရင် ဆင်ဦးစီးက ဆင်ကိုပြန်သွားကောက်ပြီး တင်းကုတ်တွေမှာ ပြသထားပါမယ် ဟု ဦးတိုးချစ်မှူးပိုင်က ပြောပြသည်။
“ ဆင်းစခန်းဖွင့်နိုင်ဖို့ လုပ်ငန်းတွေ အားလုံးပြီးစီးသွားပြီဆိုရင်တော့ ဆင်းတင်းကုတ်ထဲမှာ အစာကျွေးတာတို့ လုပ်လို့ရမယ် ဆင်ဦးစီး စီးသလို ခေါင်းပေါ်ကနေစီးလို့ရမယ် ကတွေနဲ့ (ဆင်ပခက်)တွေနဲ့ စီးလို့ရမယ် ဆင်စီးမဲ့ လမ်းကြောင်းတွေဖောက်ပြီး လမ်းကြောင်းအတိုင်းစီးလို့ရမယ် နောက်ပြီးတော့ ဆင်အလှပြကွင်း တွေပါမယ် ခရီးသွားပြည်သူတွေနားနေဖို့ အဆောက်အဦတွေပါမယ် ’’ ဟု ၎င်းကပင် ဆက်လက်ပြောပြသည်။
ချင်းပြည်နယ်၏ စီးပွားရေးဖွံ့ဖြိုးမှုလုပ်ငန်းများတွင် ခရီးသွားလုပ်ငန်းမှာ ပြည်နယ်အတွက် အရေးပါသော ဝင်ငွေရှာပေးသည့် လုပ်ငန်းဖြစ်ရာ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေမည့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးကို ဆောင်ရွက်ရန်လိုအပ်ကြောင်း ခရီးသွားဧည့်သည်များကို လိုက်ပို့ပေးနေသည့် ကလေးမြို့မှ ကားဆရာ ကိုထွေးက ပြောပြသည်။
ချင်းပြည်နယ်တွင် သဘာဝရှုခင်းများနှင့်လှပကာ တောတောင်ထူထပ်မှုများပြားခြင်းသည် ခရီးသွားဒေသအဖြစ် အလားအလာကောင်းသည့် အခွင့်အလမ်းကောင်းများစွာရှိကြောင်း နိုင်ငံခြားသားနှင့် ပြည်တွင်းခရီးသွားများ တဟုန် ထိုး မြင့်တက်လာမှုက ပြသလျက်ရှိသည်ဟု ကိုထွေးက ဆက်လက်ပြောပြသည် ။
ချင်းပြည်နယ်တွင် သဘာဝအခြေခံခရီးသွားဝန်ဆောင်မှုပြုလုပ်ရန်နေရာကောင်း မြောက်များစွာရှိပြီး ချင်းပြည်နယ် တောင်ပိုင်းတွင် နတ်မတောင်(ခေါ်) ဝိတိုရိယတောင်နှင့်ဘုံတလာရေတံခွန်၊ ချင်းပြည်နယ်အလယ်ပိုင်း ဟားခါးတွင် သီး(စ်)မြစ်ဝှမ်းလွင်ပြင် ၊ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ်ထဲတွင် ရှားလုမ်ခံတပ်၊ ကနေဒီတောင်၊ ကနေဒီတောင်နှင့်တစ်ဆက်တစ်စပ်တည်း လေသာတောင်ခေါ် လေထန်ကုန်း၊ ရိဒ်ခေါဒါရ်မြို့တွင် အသည်းနှလုံးပုံ ရိဒ်ရေကန်တို့သည် သဘာဝအခြေခံခရီးသွားလုပ်ငန်းအတွက် ပြည်တွင်း ပြည်ပဧည့်သည်များကို ဆွဲဆောင်နိုင်မည့် နေရာကောင်းများပင်ဖြစ်သည် ။
ယခုမကြာမီ ဖွင့်လှစ်တော့မည့် Land of Elephants ဆင်အလှပြအပန်းဖြေစခန်း သည်လည်း သဘာဝအခြေပြု ခရီးသွားလုပ်ငန်း (Eco toursim)ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် များစွာအထောက် အကူပြုမည့် နေရာဒေသကောင်းတစ်ခုဖြစ်လာတော့မည်ဖြစ်သည် ။
သျှင်နေမင်း(ဂန့်ဂေါ)