ရန်ကုန်  ၂၅  နိုဝင်ဘာ 

 

စီးပွားရေးမြို့တော် ရန်ကုန်၌ ဂျပန်ခရီးသွားများနှင့် စီးပွားရေးလုပ်ငန်းရှင်များကိုအဓိက ရည်ရွယ်၍ ဖွင့်လှစ်လိုက်သည့် SHIN YE HTUT HOTEL ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက ရန်ကုန်မြို့ ၊ ဗဟန်းမြို့နယ် ဝင်္ကဘာလမ်း အမှတ်(1/B) အဆိုပါ ဟိုတယ် ၌ကျင်းပသည်။

 

ဖွင့်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံရုံးမှ Counsellor (Economic & ODA) Mr. Kazuyuki TAKIMI က နှုတ်ခွန်းဆက် စကားပြော ကြားရာတွင် ဟိုတယ်၏တည်နေရာသည် မြန်မာနိုင်ငံဆိုင်ရာဂျပန် သံရုံးအနီးတွင် ရှိနေသည့်အတွက် ဂျပန်နိုင်ငံကလာသည့် ဧည့်သည်များ အင်မတန်မှ အဆင်ပြေမည့် နေရာတစ်ခုဖြစ်ကြောင်း၊  အဆိုပါဟိုတယ်၏ ဖွဲ့စည်းပြင်ဆင်ထားရှိမှုမှာ ဂျပန်နိုင်ငံက ဟိုတယ်များကဲ့သို့ဖြစ်ကြောင်း၊ ထို့ကြောင့် ဂျပန်နိုင်ငံသားများ အနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်၍ စီးပွားရေးလုပ်သည့် အခါတွင် ညအိပ်ပြီး အေးအေးဆေးဆေး နားနေနိုင်ရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ထားသည်ဟု သိရှိရပါကြောင်း ပြောကြားသည်။

 

ထို့နောက် Shin Ye Htut Group of Companies ဥက္ကဋ္ဌ ဦးရဲထွဋ် က အမှာစကားပြောကြားရာတွင် "ဂျပန်နိုင် ငံသားတွေကို မြန်မာနိုင်ငံက ဗီဇာကင်းလွှတ်ခွင့်ပေးလိုက်တဲ့ အတွက် အရင်ကလို ခက်ခက်ခဲခဲလာ စရာမလို တော့ပါဘူး။ 

 

ဒါ့အပြင် ဒီဟိုတယ်ကို ဂျပန်နိုင်ငံသားတွေ ပိုပြီး အဆင်ပြေအောင် ရည်ရွယ်ပြီး ဂျပန်နိုင်ငံ သံရုံးနဲ့ နီးနီးနားနားမှာ ဖွင့်လှစ်တာဖြစ်ပါတယ်။ အကျိုးအမြတ်ကို အဓိက မထားပါဘူး။ ဂျပန်နိုင်ငံသားတွေသွားလာမှု လွယ်ကူဖို့နဲ့ မြန်မာပြည်အကြောင်းကိုကောင်းစွာသိရှိနိုင်ဖို့အတွက် ဖွင့်လှစ်တာဖြစ်ပါတယ်" ဟုပြောသည်။

 

ထို့အပြင် ဂျပန်နိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့်လည်း နေပြည်တော်တွင် စီးပွားရေး Meeting များ၊ ဝန်ကြီးဌာန Call များရှိပါက ဆွေးနွေးစရာများကိုဆွေးနွေးပြီး ရန်ကုန်တွင်တစ်ည အိပ်ကာ နောက်နေ့ တွင် ဂျပန်နိုင်ငံသို့ ပြန်လည်ထွက်ခွာရာတွင် အဆင်ပြေချောမွေ့စေရန်အတွက်လည်း ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း ဥက္ကဋ္ဌ ဦးရဲထွဋ် က ဆိုသည်။

 

ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံရုံးမှ Counsellor (Economic & ODA) Mr. Kazuyuki TAKIMI ၊ မြန်မာ့အာမခံလုပ်ငန်း အထွေထွေမန်နေဂျာ ဦးခင်မောင်ဝင်း ၊ Shin Ye Htut Group of Companies ဥက္ကဋ္ဌ ဦးရဲထွဋ် ဖွင့်ပွဲကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ဟိုတယ် ဆိုင်းဘုတ်ကို ဥက္ကဋ္ဌ ဦးရဲထွဋ် ကစက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။

 

မြန်မာနိုင်ငံသို့ ဂျပန်နိုင်ငံသား ခရီးသွားများ ပိုမိုလာရောက်လည်ပတ်နိုင်ရေး နှင့်ပတ်သက်၍ မြန်မာ့ သတင်းစဉ်၏ မေးမြန်းမှုအပေါ် ဂျပန်နိုင်ငံသံရုံးမှ Counsellor (Economic & ODA) Mr. Kazuyuki TAKIMI က "အောက်တိုဘာ တစ်ရက်နေ့ ကနေစတင်ပြီး ဂျပန်နိုင်ငံ ကလာတဲ့ဧည့်သည်တွေကို ဗီဇာကင်းလွတ်ခွင့် ပေးလိုက်တဲ့အတွက် အကျိုးရလာဒ်က အများကြီးပေါ်လာလိမ့်မယ်လို့မျှော်လင့်ပါတယ်။ နည်းနည်းတော့ အချိန်ယူရပါလိမ့်မယ်။ လက်ရှိမှာ အဲဒီ ဗီဇာကင်းလွတ်ခွင့် ကိစ္စကို ဂျပန်ပြည်သူလူထု အားလုံး မသိကြသေးပါဘူး။ လူတိုင်းသိဖို့အတွက်ဆိုရင် နည်းနည်းတော့ အချိန်ယူရပါဦးမယ်။ တဖြည်းဖြည်းနဲ့တော့ အခုလက်ရှိ ထက်နှစ်ဆလောက်ဖြစ်လာမှာပါ။ ဂျပန်နိုင်ငံသားတွေအတွက် မြန်မာနိုင်ငံဟာ လည်ပတ်စရာပေါ များတဲ့ နိုင်ငံဖြစ်ပါတယ်။ ဂျပန်ခရီးသွားတွေ မြန်မာနိုင်ငံကို ပိုမို လာရောက်လည်ပတ်နိုင်ဖို့အတွက် အကြံပြုလို တာကတော့  လမ်းပမ်းဆက်သွယ်ရေး ပိုကောင်းဖို့နဲ့ ဗီဇာကင်းလွှတ်ခွင့်ပေးတာကို ဂျပန်နိုင်ငံသားတွေ ပိုပြီးသိရှိလာအောင် ဆောင်ရွက်ရွက်သင့်တယ် "ဟု ပြောသည်။

 

ယခုဖွင့်လှစ်လိုက်သည့် SHIN YE HTUT HOTEL သည် Shin Ye Htut Group of Companies ၏ သုံခုမြောက် ဟိုတယ်ဖြစ်ပြီး မကွေးနှင့်ပဲခူးမြို့တို့တွင် ဆက်လက်တိုးချဲ့ ဖွင့်လှစ်သွားရန်စီစဉ်လျက်ရှိကြောင်း သိရသည်။

 

(သတင်းစဉ်)

 

7820