၂၀၂၂ အာဆီယံတက္ကသိုလ် အားကစားပြိုင်ပွဲ ကျင်းပမည့်ရက် ထုတ်ပြန်

သတင်း-ကိုညီလေး

 

အာဆီယံတက္ကသိုလ်အားကစားပြိုင်ပွဲ ကျင်းပရေးတာဝန်ရှိသူများသည် လာမည့်နှစ်တွင်ကျင်းပမည့် ၂၀၂၂ အာဆီယံတက္ကသိုလ်အားကစားပြိုင်ပွဲကျင်းပမည့်ရက် ထုတ်ပြန်လိုက်ပြီဖြစ်သည်။ ယင်းပြိုင်ပွဲကို ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရထားပြီး ၂၀၂၂ ခုနှစ် ဇူလိုင် ၆ ရက်မှ သြဂုတ် ၆ ရက်အထိ ကျင်းပမည်ဖြစ်သည်။

 

အာဆီယံတက္ကသိုလ်အားကစားပြိုင်ပွဲကို နှစ်နှစ်တစ်ကြိမ် ကျင်းပလျက်ရှိပြီး ၂၀၂၀ ပြည့်နှစ်တွင် မကျင်းပနိုင် သဖြင့် ယင်းပြိုင်ပွဲ အိမ်ရှင်နိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံကိုပင် ၂၀၂၂ ပြိုင်ပွဲအား ဆက်လက်ကျင်းပခွင့်ပေးခဲ့ခြင်း ဖြစ်သည်။

 

ထိုင်းနိုင်ငံအနေဖြင့် ၂၀၂၀ အာဆီယံတက္ကသိုလ်အားကစားပြိုင်ပွဲကို ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ယင်းနှစ်တွင် မကျင်းပနိုင်သဖြင့် ၂၀၂၁ ခုနှစ်တွင် ပြောင်းလဲကျင်းပရန် ကြိုးပမ်းခဲ့သော်လည်း အဆင်မပြေသဖြင့် ဖျက်သိမ်း ခဲ့ရခြင်းဖြစ်ပြီး ပုံမှန်ကျင်းပရမည့် ၂၀၂၂ ခုနှစ်မှသာ ပြန်လည်ကျင်းပသွားမည်ဖြစ်သည်။

 

ထိုင်းနိုင်ငံအနေဖြင့် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၂၂ အာဆီယံတက္ကသိုလ်အားကစားပြိုင်ပွဲအတွက် အားကစားနည်းများ ပြန်လည်အတည်ပြုမည်ဖြစ်သော်လည်း ၂၀၂၀ ပြိုင်ပွဲတွင် ထည့်သွင်းကျင်းပရန် စီစဉ်ထား သည့် အားကစားနည်းအများစုသာ ပါဝင်လာဖွယ်ရှိနေသည်။

 

မြန်မာနိုင်ငံအနေဖြင့် ၂၀၂၀ ပြိုင်ပွဲတွင် အားကစားနည်း အနည်းငယ်သာယှဉ်ပြိုင်ရန် စီစဉ်ထားသော်လည်း ပြိုင်ပွဲအပြောင်းအလဲကြောင့် ယှဉ်ပြိုင်မည့် အားကစားနည်းအချို့လည်း အပြောင်းအလဲရှိလာနိုင်သည်။

 

အာဆီယံတက္ကသိုလ်အားကစားပြိုင်ပွဲ နောက်ဆုံးကျင်းပခဲ့သည့် ၂၀၁၈ ပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး ရွှေတံဆိပ် ၂၄ ခု၊ ငွေတံဆိပ် ၂၆ ခု၊ ကြေးတံဆိပ် ၂၉ ခု ဆွတ်ခူးရရှိခဲ့သည်။