ကန့်ဘလူ ၂၈   ဇန်နဝါရီ 


စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်ကျန်းမာရေးဦးစီးဌာန ခုတင် ၁၀ဝ ပြည်သူ့ဆေးရုံ၌ အေးမြစိုးဖောင်ဒေးရှင်း၏ လှူဒါန်းမှုဖြင့် မျက်စိဝေဒနာရှင်များအား စမ်းသပ်စစ်ဆေးခြင်းနှင့် ခွဲစိတ်ကုသခြင်းများကို ဖေဖော်ဝါရီ ၆ ရက်မှ ၁၈ ရက်ထိ မျက်စိ အထူးကုဆရာဝန်ကြီးများ၊ မျက်မှန်ကျွမ်းကျင်ပညာရှင်များနှင့် ကျန်းမာရေးဝန်ထမ်းများက အခမဲ့ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မြို့နယ် ခုတင် ၁၀ဝ ပြည်သူ့ဆေးရုံမှသိရသည်။


မျက်စိစမ်းသပ်စစ်ဆေးခြင်းများကို လောလောဆယ် ခုတင် ၁၀ဝ ပြည်သူ့ဆေးရုံ၌ စမ်းသပ်စစ်ဆေးပြီး ဖေဖော်ဝါရီ ၁၃ ရက်နောက်ပိုင်းတွင် ကန့်ဘလူမြို့ ညောင်အိုင်အထက(ခွဲ)ကျောင်း ဒေါက်တာဉာဏဝရခန်းမ၌ စမ်းသပ်စစ်ဆေးကာ အသေးစား၊ အကြီးစား ခွဲစိတ်ကုသရန် လိုအပ်သည့် လူနာများအား မြို့နယ် ခုတင် ၁၀ဝ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခွဲစိတ် ကုသပေးမည်ဖြစ်ကြောင်း ဆေးရုံအုပ်ဒေါက်တာနေမိုးက ပြောသည်။


ယင်းသို့မျက်စိစမ်းသပ် စစ်ဆေးကုသပေးရာတွင် ရောဂါဝေဒနာရှင်အလိုက် အကြီးစား၊  အသေးစားခွဲစိတ်ခြင်း၊ ပါဝါမျက်မှန်များပေးအပ်ခြင်း၊ စားဆေး၊ သောက်ဆေးနှင့် မျက်စဉ်းခတ်ရန် ဆေးများကို အခမဲ့ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းသိရသည်။


အောင်ဝင်းငြိမ်း(ကန့်ဘလူ)