နေပြည်တော် ၂၈ ဇန်နဝါရီ
မူးယစ်တပ်ဖွဲ့စု(၃၅)မြိတ်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၂၇ ရက် မွန်းလွဲ ၃ နာရီတွင် မြိတ်မြို့၊ ဇေယျာသီရိ(၂)ရပ်ကွက်ရှိ ရွှေဒူးကွမ်းယာဆိုင်ရှေ့တွင်တွေ့ရှိသူ ဒေါ်ဌေးစန်းအား ရှာဖွေစစ်ဆေးရာ ၎င်းထံမှစိတ်ကြွရူးသွပ်ဆေးပြား ၄,ဝ၀ဝ နှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကိုလည်းကောင်း၊
အလားတူ ယင်းနေ့ည ၁၁ နာရီခန့်က မူးယစ်တပ်ဖွဲ့စု(၁၇)မန္တလေး(မြောက်ပိုင်း)မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပုသိမ်ကြီးမြို့နယ်၊ ၁၆ မိုင်ကျောက်ချောစစ်ဆေးရေးစခန်းတွင် ခရီးသည်တင်မှန်လုံယာဉ်အား ရပ်တန့်ရှာဖွေရာ ခရီးသည် စိုင်းထွန်းဦး၊ မနန်းလူစိန်၊ စိုင်းဆွေဦး၊ စိုင်းဆွေဟန်၊ မနန်းစံစိန်၊ မနန်းဆိုင်ရွှေတို့ သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၀ဝ,ဝ၀ဝ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို လည်းကောင်း၊
ထို့အတူ ယင်းနေ့မွန်းလွဲ ၁၂ နာရီခွဲက မူးယစ်တပ်ဖွဲ့စု(၂၈)ကျိုင်းတုံမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျိုင်းတုံမြို့နယ်၊ မိုင်းလပ်ကျေးရွာအုပ်စု၊ ဝမ်တုန်ကျေးရွာ၊ ကျိုင်းတုံ-လွယ်မွေသွားလမ်း၊ စက်မှုလယ်ယာရှေ့၊ အုတ်ဖိုငါးကန်ဘောင်တွင်တွေ့ရှိသူ စိုင်းကောင်းသူရိန်(ခ)ဖိုးခွားနှင့် ကျော်စွာဝင်းတို့အား ရှာဖွေရာ ၎င်းတို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂,ဝ၀ဝ ၊ လက်ကိုင်ဖုန်းနှစ်လုံးနှင့် မော်တော်ဆိုင်ကယ်တစ်စီးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၄င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)