နေပြည်တော်  ၂၈  ဇန်နဝါရီ 

 

ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကိုပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ် (Universal Periodic Review – UPR) အရမြန်မာနိုင်ငံ၏ လူ့အခွင့်အရေးတိုးတက်ရေး အကြံပြု တိုက်တွန်းချက်များကို မြန်မာနိုင်ငံကအကောင်အထည်ဖေါ်ဆောင်ရေးအတွက် အမျိုးသားအဆင့် ကော်မတီဖွဲ့စည်းဆောင်ရွက်လျက်ရှိရာ အဆိုပါအမျိုးသားအဆင့်ကော်မတီ၏လုပ်ငန်းကို အထောက် အကူဖြစ်စေရန်အတွက် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် The Lutheran World Federation (Myanmar) တို့ပူးပေါင်း၍ UPR အကြံပြုတိုက်တွန်းချက်များ အကောင်အထည်ဖေါ် ဆောင်ရေးအလုပ်ရုံဆွေးနွေးပွဲကို ဇန်နဝါရီ ၂၃ ရက်မှ ၂၄ ရက် အထိ နေပြည်တော်ရှိ၊ အမရာဟိုတယ်တွင် ကျင်းပခဲ့သည်။

 

အလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရဌာန များနှင့် အဖွဲ့အစည်းများမှ အဆင့်မြင့်ကိုယ်စားလှယ်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ကော်မရှင်ရုံး ဝန်ထမ်းများ၊ The Lutheran World Federation (Myanmar) မှ ဌာနေကိုယ်စားလှယ်နှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

 

အလုပ်ရုံဆွေးနွေးပွဲ၌ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လတွင် UPR လုပ်ငန်း စဉ်အရနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေနှင့်စပ်လျဉ်း၍ တတိယအကျော့အဖြစ် သုံးသပ်မှုခံယူရ မည်ဖြစ်သဖြင့် အစီရင်ခံစာတင်သွင်းရန်ရှိပါကြောင်း၊  UPR ဒုတိယအကျော့သုံးသပ်မှု ခံယူခဲ့စဉ်က မြန်မာနိုင်ငံကလက်ခံခဲ့သည့် အကြံပြုတိုက်တွန်းချက်များ အကောင်အထည်ဖေါ်ဆောင်ရွက်ရန် ကိစ္စရပ်များ အလွတ်သဘောဆွေးနွေးညှိနှိုင်းကြရန်ဖြစ်ပါကြောင်း၊ ကိုယ်စားလှယ်များအနေဖြင့် တက် တက်ကြွကြွပါဝင်ဆွေးနွေးပေးပါရန် မေတ္တာရပ်ခံပါကြောင်းစသည်ဖြင့် ပြောကြားသည်။ 

 

ထို့နောက် The Lutheran World Federation (Myanmar) မှ ဌာနေကိုယ်စားလှယ် Mr. David Henry Mueller က အဖွင့်အမှာစကားပြောကြားရာတွင် UPR အကြံပြုတိုက်တွန်းချက်များကို အကောင် အထည်ဖေါ်ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် ယခုအလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပရခြင်းဖြစ်ကြောင်းနှင့်  အလုပ်ရုံဆွေးနွေးမှ ဆွေးနွေးမှုများသည် များစွာအကျိုး ဖြစ်ထွန်းစေမည်ဟု မျှော်လင့်ပါကြောင်းထည့်သွင်းပြောကြားသည်။ 

 

ထို့နောက် အလုပ်ရုံဆွေးနွေးပွဲအစီအစဉ်အရကော်မရှင် အဖွဲ့ဝင် ဦးညွန့်ဆွေကကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီတွင် ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကိုပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ် (UPR)နှင့် စပ်လျဉ်း၍ လည်းကောင်း၊ မြန်မာနိုင်ငံအနေဖြင့် UPR အကြံပြုတိုက်တွန်းချက် များအကောင်အထည်ဖေါ်ဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍ လည်းကောင်း၊ LWF မှ Deputy Program Manager ဦးစံသိန်းမောင်ကLutheran World Federation ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် UPR နှင့်ဆက်စပ်သည့် လုပ်ငန်းများအကောင်အထည်ဖေါ်ဆောင်ရွက်မှုနှင့် စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးတင်ပြကြသည်။

 

ထို့နောက် အဖွဲ့ငယ်များခွဲ၍ မြန်မာနိုင်ငံက လက်ခံခဲ့သည့် UPR အကြံပြု တိုက်တွန်းချက်များနှင့် စပ်လျဉ်း၍ မည်သည့်ဌာန/ အဖွဲ့အစည်းများကမည်ကဲ့သို့ အကောင် အထည်ဖေါ် ဆောင်ရွက်သင့်သည်ကို အလွတ်သဘောဆွေးနွေးအကြံပြုကြသည်။ အလုပ်ရုံဆွေးနွေးပွဲ တွင် ဆွေးနွေးအကြံပြုချက်များကိုကော်မရှင်ကစုစည်း၍ အစီရင်ခံစာပြု စုတင်ပြမည်ဖြစ်ကြောင်း သိရသည်။


 
(သတင်းစဉ်)