ရန်ကုန် ၂၇ နိုဝင်ဘာ
မြန်မာ့မူ မြန်မာ့ဟန်နှင့် မြန်မာမှုအနုသုခုမ တို့ကို အများပြည်သူ ပိုမိုသိရှိ ထိန်းသိမ်းနိုင်စေရန် ရည်ရွယ်၍ ဒုတိယအကြိမ်မြောက် မြန်မာ့ရိုးရာ တန်ဆောင်တိုင် ပွဲတော်ကို ရန်ကုန်မြို့ အင်းလျားလမ်းရှိ စိမ်းလန်းစိုပြည် ဂါးဒင်းတွင် နိုဝင်ဘာ ၂၃ ရက် ညနေ (၅) နာရီက ကျင်းပခဲ့ရာ ရန်ကုန် မြို့ပေါ်ရှိ သံရုံးများမှ မိသားစုများနှင့် နိုင်ငံခြားသားခရီးသွားများ တက်ရောက်အားပေးခဲ့ကြသည်။
မြန်မာ့ယာဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့က ကြီးမှူး၍ မြန်မာ့ရိုးရာ ယဉ်ကျေးမှုပွဲတော်များ ရေရည်တည်တံ့စေရန် ရိုးရာ အစဉ်အလာ များကို ဖော်ထုတ်ပြသသော မြန်မာ့ရိုးရာပွဲတော်တွင် ရုပ်သေးပညာရှင် ဦးကြည်နှင့် အဖွဲ့က အပျိုတော်ယိမ်း၊ ဇော်အက၊ နှစ်ပါးသွားအက၊ သူငယ်တော်အက၊ ဆီမီးခွက် ယိမ်းတို့ဖြင့် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ခြင်းလုံးအဖွဲ့မှ ရွှေတံဆိပ် ဆုရှင်က ခြင်းအလှခတ် ဖျော်ဖြေမှုဖြင့်လည်းကောင်း၊ ဦးရွှေအိုးနှင့် ဒေါ်မိုးအကနှင့်အတူ အိုးစည် ဒိုးပတ်ဝိုင်းဖြင့် မြန်မာ့ရိုးရာကို ဖော်ဆောင်ဖျော်ဖြေခဲ့ရာ နိုင်ငံခြားသားများနှင့် ပရိသတ်များ အထူးနှစ်ခြိုက်ခဲ့ကြသည်။
“မနှစ်က အင်းဝခေတ် အဝတ်အစား ဆီမီးခွက်အကနဲ့ ကပြတဲ့သူတွေက မီးမျှောခဲ့တယ်။ ဒီနှစ်မှာ လာရောက်တဲ့ ဧည်သည်အားလုံး စုပေါင်းပြီး မီးပူဇော်နိုင်ဖို့ စီစဉ်ထားပါတယ်။မြန်မာ့ယဉ်ကျေးမှု အမွေအနှစ် တိမ်ကောပပျောက် မသွားအောင် မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်းသွားနိုင်ဖို့ မြတ်နိုးဂုဏ်ယူတတ်ဖို့နဲ့ နိုင်ငံခြား ခရီးသွား ပိုပြီးသိရှိလာဖို့ ဆောင်ရွက်တာလည်းဖြစ်ပါတယ်” ဟု မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ဥက္ကဋ္ဌ ဒေါ်စန္ဒာခင်က ပြောကြားသည်။
အင်းလျားကန်အတွင်း ကြာရွက်မီးမျှောပွဲကို မြန်မာ့ယဉ်ကျေးမှု အစဉ်အလာ နှင့်အညီ ကျင်းပပြီး မြန်မာ့ရိုးရာ မုန့်မျိုးစုံ၊ မြန်မာဖြစ် အမှတ်တရ ပစ္စည်းများ ဖွင့်လှစ်ပြသလျက် ဆေးဖက်ဝင် မယ်ဇလီဖူးသုတ်နှင့် မြန်မာ့ရိုးရာ အစားအစာများဖြင့် ဧည့်ခံခဲ့သည်။
မြန်မာ့ရိုးရာ တန်ဆောင်တိုင်ပွဲတော်သို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဝန်ကြီးများ၊ မြန်မာ့သမိုင်းပညာရှင်များ၊ စာပေပညာရှင်များ၊ မြန်မာ့ရိုးရာ ပန်းချီပန်းပု ပညာရှင်များ၊ အနုပညာရှင်များ၊ တက္ကသိုလ်၊ ကောလိပ်နှင့် ပညာရေးတက္ကသိုလ်မှ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ၊ နိုင်ငံခြားသံရုံးများမှ သံတမန်များနှင့် မိသားစုဝင်များ၊ နိုင်ငံခြားသားခရီးသွားများနှင့် လူမှုရေးအသင်းအဖွဲ့များမှ တက်ရောက် ကြောင်း သိရသည်။
သန်းထိုက်၊ ဓာတ်ပုံ - သန်းစိုး