ရန်ကုန်  ၂၈  ဇန်နဝါရီ

 

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့်သည် ယနေ့ မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို) နှင့် မြန်မာနိုင်ငံ ဂီတအစည်းအရုံး ရွေးကောက်ပွဲကော်မရှင်တို့မှ တာဝန်ရှိသူများနှင့် ရန်ကုန်မြို့၊ ပြည်လမ်းရှိ မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားအစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

 

  တွေ့ဆုံစဉ် မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို)၊ ဂီတအစည်းအရုံး ရွေးကောက်ပွဲကော်မရှင်နှင့် ပြင်ပပညာရှင်များ ပါဝင်သော အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းပြီး ဂီတအစည်းအရုံး၏ ဖွဲ့စည်းပုံ ရေးဆွဲရေး ၊ ယင်းဖွဲ့စည်းပုံကို အသင်းဝင်များထံချပြ၍ အကြံပြုချက်များ ရယူပြင်ဆင်ပြီး အတည်ပြုရေး၊ ၎င်းဖွဲ့စည်းပုံနှင့်အညီ အသင်းဝင်များ ပြန်လည်စိစစ်အတည်ပြုရေး၊ ဆက်လက်ပြီး မြန်မာနိုင်ငံဂီတအစည်းအရုံးအသစ်ကိုရွေးချယ် တင်မြှောက်ရေး တို့နှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။

 

 တွေ့ဆုံပွဲသို့  မြန်မာနိုင်ငံဂီတအစည်းအရုံး(ဥက္ကဌ) ဦးတင်ဦးလေးနှင့် အဖွဲ့ဝင်များ၊ ဂီတအစည်းအရုံး ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကြည်မင်းသိန်းနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။    

 

နံနက်ပိုင်းကလည်း ပြည်ထောင်စုဝန်ကြီးသည်   မြန်မာ့ရေးရာ သုတေသန အဖွဲ့ မှ ပညာရှင်များ၊ မြန်မာနိုင်ငံမှ စင်ကာပူနိုင်ငံရောက် မြန်မာ့အရေး စိတ်ဝင်စားသူများ အဖွဲ့နှင့်   တွေ့ဆုံသည်။

 

ယင်းသို့ တွေ့ဆုံစဉ်  အခွန်တာဝန်နှင့် ပတ်သက်၍ ပိုမိုအသိပညာပေးရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအား သတင်းပြန်ကြားရေးနှင့် သတင်းထုတ်ပြန်ရေး သဘောထားနည်းလမ်းများ  လေ့ကျင့် သင်ကြားပေးရေးဆိုင်ရာကိစ္စရပ် များ၊  Free Education Channel တစ်ခု ထုတ်လွှင့်နိုင်ရေး၊ သတင်းများနှင့် အချက် အလက်များကို မှတ်တမ်းပြုစုထားရေးနှင့် အများပြည်သူ အလွယ်တကူ ရှာဖွေနိုင်မည့် Digital Library ထူထောင်ရေး၊   ပြည်တွင်း၊ ပြည်ပမှ မြန်မာ့အပြောင်းအလဲတွင် ကူညီလိုသူများနှင့် ပိုမိုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို  ဆွေးနွေးခဲ့ကြသည်။

 

တွေ့ဆုံပွဲသို့ မြန်မာ့ရေးရာသုတေသနအဖွဲ့မှ ပညာရှင်များဖြစ်သည့် ဦးအေး မောင်ကျော်၊ ဦးရဲမြင့်ကျော်၊ ဦးဇေယျာနှင့် မြန်မာနိုင်ငံမှ စင်ကာပူနိုင်ငံရောက် မြန်မာ့ အရေး စိတ်ဝင်စားသူ    ၁၀  ဦး တက်ရောက်ကြသည်။  

 

(သတင်းစဉ်)