မန္တလေး ၂၈ ဇန်နဝါရီ
လန်ချန်း - မဲခေါင် ဒေသတွင်းရှိ အဖွဲ့ဝင် ၆ နိုင်ငံမှ အနုပညာရှင်လူငယ်များ တွေ့ဆုံပွဲတွင် နိုင်ငံအလိုက် ရိုးရာယဉ်ကျေးမှုနှင့် အနုပညာရပ်များ ထိန်းသိမ်းရေးဆိုင်ရာ စာတမ်းများဖတ်ကြားခြင်း ကို ယနေ့နံနက် ၁၁ နာရီတွင် မန္တလေးမြို့ ဟိုတယ်ရွှေပြည်သာတွင် ပြုလုပ်ခဲ့သည်။
အဆိုပါစာတမ်းဖတ်ကြားပွဲကို သဘာပတိအဖြစ် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် (မန္တလေး)၊ ပေါမောက္ခချုပ် ဒေါ်ခင်ကြည်ပြာနှင့် တွဲဖက် သဘာပတိအဖြစ် ရုပ်သေးပညာ ရှင် ဒေါ်မမနိုင်တို့က ဆောင်ရွက်ခဲ့ပြီး လန်ချန်း - မဲခေါင် ဒေသတွင်းရှိ အဖွဲ့ဝင်နိုင်ငံများဖြစ်သော တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း နှင့် ဗီယက်နမ်နိုင်ငံတို့မှ စုစုပေါင်း လူငယ်အနုပညာရှင် ၂၉ ဦး တက်ရောက်ခဲ့ကာ နိုင်ငံအလိုက် ကိုယ်စားလှယ်တစ်ဦးချင်းစီမှ ရိုးရာယဉ်ကျေးမှုနှင့် အနုပညာရပ်များ ထိန်းသိမ်းခြင်းဆိုင်ရာ စာတမ်းများ ဖတ်ကြားကြသည်။
လန်ချန်း - မဲခေါင် ဒေသတွင်းရှိ အဖွဲ့ဝင် ၆ နိုင်ငံမှ အနုပညာရှင်လူငယ်များ အဖွဲ့သည် ယနေ့ မွန်းလွဲပိုင်းတွင် မန္တလေးမြို့ရှိ ရွှေချည်ထိုးလုပ်ငန်း၊ ကုသိုလ်တော်ဘုရား၊ ရွှေကျောင်း၊ အတုမရှိ ကျောင်းတော်ကြီးနှင့် မန္တလေးတောင်သို့ သွားရောက် လေ့လာ ကြည့်ရှုခဲ့ကြပြီး ညပိုင်းတွင် ဟိုတယ် ရွှေပြည်သာ၌ အထိမ်းအမှတ် ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)၊
ဓာတ်ပုံ - အောင်ဖြိုးကျော
