ရန်ကုန် ၃၀ နိုဝင်ဘာ
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ စင်ကာပူခရီးသွားလုပ်ငန်းဘုတ်အဖွဲ့ (Singapore Tourism Board)နှင့် ဒို့အိမ်တို့ ပူးပေါင်းကျင်းပသည့် စင်ကာပူပွဲတော် ၂၀၁၈ (Singapore Festival 2018) ဖွင့်ပွဲအခမ်းအနားကို ယနေ့ ညနေ ၅ နာရီခွဲက ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ မဟာဗန္ဓုလလမ်းနှင့် ကုန်သည်လမ်းကြားရှိ ဘိုကလေးဈေးလမ်းတွင် ကျင်းပသည်။
အခမ်းအနားတွင် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက စင်ကာပူ ပွဲတော်၂၀၁၈ သည် ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်သည့် ပွဲတော်များထဲမှ တစ်မူထူးခြား ဆန်းသစ်သည့် ပွဲတော်တစ်ခုဖြစ်ကြောင်း အဆိုပါပွဲတော်မှတစ်ဆင့် ရန်ကုန်မြို့၏ အနာဂတ်ပုံစံနှင့် သက်ဆိုင်သည့် စိတ်ကူးစိတ်သန်းများကို မြို့နေလူထုထံပေးသွားနိုင် ရန်ရည်ရွယ်ထားကြောင်း ရန်ကုန်မြို့နေလူထုနှင့် ကမ္ဘာလှည့်ခရီးသွားများ အတွက် ရန်ကုန်မြို့၏ သက်ဝင်လှုပ်ရှားမှုများနှင့် နေချင်စဖွယ်ဖြစ်မှုကို ပိုမို ကောင်းမွန် တိုးတက်စေမည့် အနာဂတ်အစီအစဉ်များအတွက် စံနမူနာကောင်းဖြစ်ရန် အလား အလာကောင်းများရှိပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသံအမတ်ကြီး Ms. Vanessa Chan Yuen Ying က စင်ကာပူနိုင်ငံနှင့်မြန်မာနိုင်ငံတို့အကြား ရင်းနှီးချစ်ကြည်မှုအဖြစ်၊ ၂၀၁၆ခုနှစ်မှ စ၍ ဈေးဝယ်စင်တာများတွင် Singapore Festival ကိုကျင်းပခဲ့ပြီး ယခုနှစ်တွင် ရန်ကုန်မြို့၏ လူစည်ကားရာ အတွင်းဝန်များရုံးအနီး ဘိုကလေးဈေးလမ်းတွင် တတိယ အကြိမ်မြောက် ကျင်းပရခြင်းအတွက် အားလုံးကို ကျေးဇူးတင်ရှိကြောင်း၊ နှစ်နိုင်ငံခရီးသွား စီးပွားရေးအခွင့်အလမ်းများကို သတိပြုမိလာစေရန် နှစ်နိုင်ငံလုံးမှ တန်ဖိုးထားမှုများကို နည်းလမ်းပေါင်းစုံဖြင့် ဖော်ထုတ်ပြသခြင်းဖြင့် နှစ်နိုင်ငံအပြန်အလှန် ခရီးသွားလာမှုနှင့် လေ့လာမှုများကို အဆင့်အမြင့်ဆုံး ဆက်လက်ထိန်းသိမ်းထားနိုင်ရန် မျှော်လင့်ထားကြောင်း ပြောကြားသည်။
ဆက်လက်၍ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုး၊ မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသံအမတ်ကြီး Ms. Vanessa Chan Yuen Ying နှင့် စင်ကာပူခရီးသွားလုပ်ငန်းဘုတ် အဖွဲ့(STB)မှ အမှုဆောင် အရာရှိချုပ်တို့က အခမ်းအနားကို စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးပြီး ပွဲတော်တွင် ခင်းကျင်းပြသထားမှုများအား လှည့်လည်ကြည့်ရှုကြသည်။
ပွဲတော်တွင် စင်ကာပူခရီးသွားလုပ်ငန်း ဘုတ်အဖွဲ့(STB) နှင့် Forever Group တို့ပူးပေါင်းပြီး စင်ကာပူနှင့် မြန်မာနိုင်ငံတွင် ရုပ်သံဇာတ်လမ်းရိုက်ကူးထားသည့် “ချစ်ခြင်းတရားတို့ရှိရာ”ခရီးသွားဇာတ်လမ်းတွဲတွင် ဇာတ်ဝင်ခန်းတေးသီချင်း ရေးဖွဲ့ သီဆိုထားသည့် အဆိုတော် ဟဲလေးနှင့် စင်ကာပူနိုင်ငံမှ အဆိုတော် The LionCity Boy မှ A.K.A Kevin Lester တို့က တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
ထို့အတူ ပန်းချီအနုပညာရှင်များဖြစ်သည့် Bart Was Not Here၊ ဝဏ္ဏအောင်နှင့် သူမြတ်တို့ ကလည်း ဘိုကလေးဈေးလမ်းတစ်လျောက် တိုက်နံရံများတွင် ဆန်းသစ်သည့် အနုပညာလက်ရာများဖြင့် ပန်းချီအနုပညာ ရသမြောက်စွာ သရုပ်ဖော်ရေး ဆွဲပြသထားသည်။
စင်ကာပူပွဲတော် ၂၀၁၈ ကိုနိုဝင်ဘာ ၃၀ ရက် မှ ဒီဇင်ဘာ ၂ ရက်အထိညနေ ၄ နာရီမှ ည ၉နာရီအထိ ကျင်းပသွားမည်ဖြစ်ပြီး မြန်မာအစားစာ၊ စင်ကာပူအစားစာ ရောင်းချသည့် ဆိုင်ခန်းများအပြင် စင်ကာပူနိုင်ငံ၏ ခရီးသွား အထင်ကရနေရာပြ ကွက်များ၊ ကလေးများအတွက် ပန်းချီဆွဲခြင်းနှင့်အတူ ကစားကွင်းများလည်း ထည့်သွင်းထားသည်။
ပွဲတော်ဖြစ်မြောက်ရန်အတွက် ဘိုကလေးဈေးလမ်းတွင် နေထိုင်သည့် လမ်းသူ လမ်းသားများက Singapore Tourism Board ၊ ဒို့အိမ်တို့နှင့် ပူးပေါင်းပါဝင်ခဲ့ပြီး လမ်းအလှမီးများ တပ်ဆင်ခြင်း၊ သစ်ပင်ပန်းမန်များ စိုက်ပျိုးနေရာချခြင်း၊ လမ်းရှုခင်းပြင် ဆင်ခြင်း နှင့် လမ်းသွားလာမှု ပိုမိုကောင်းမွန်စေရန် ဆောင်ရွက်ခဲ့ကြသည်။
(သတင်း-မင်းသစ်၊ သန့်ဇင်မင်း/ဓာတ်ပုံ-နေလင်း)