ပူတာအို  ၄  ဒီဇင်ဘာ

 

သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတများကို မြတ်နိုးတန်ဖိုးထားသော ဒေသခံတိုင်းရင်းသားပြည်သူများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ စုဖွဲ့ပါဝင်သည့် ရေခဲတောင်ဒေသ သာယာလှပရေး စေတနာ ဝန်ထမ်းအဖွဲ့သည် ဖုန်ကန်ရာဇီ ရေခဲတောင်ဒေသ တောလမ်းနှင့် တောင်တက်လမ်းတစ်လျှောက် ပလတ်စတစ်နှင့် အခြားစွန့်ပစ်အမှိုက်များ ရှင်းလင်းပြီး နိုဝင်ဘာလ နောက်ဆုံးပတ်က ပြန်လည်ရောက်ရှိလာကြကြောင်း သိရသည်။

 

 

ကချင်ပြည်နယ် ပူတာအိုမြို့နယ် ဖုန်ကန်ရာဇီ၊ ဖုန်ရင်ရာဇီ၊ ဖန်ဂရမ်ရာဇီ၊ လွင်ခရှုမတင် အစရှိရေခဲတောင်များနှင့် အခြားများပြားလှသော ရေခဲတောင်များ ပါဝင်ဖွဲ့စည်းထားသော မြန်မာပြည်မြောက်ဖျားပိုင်း ရေခဲတောင်ဒေသသည် မြန်မာနိုင်ငံ၏ ရေချိုအရင်းအမြစ်များ စတင်ရာဒေသဖြစ်ကြောင်း၊ ယခုအခါ လူသိများလာသည်နှင့်အမျှ တောင်တက်ခရီးသွားဧည့်သည်များ လာရောက်ကြပြီး ပြည်ပခရီးသွားဧည့်သည်များကို ခွင့်ပြုမှုရပ်ဆိုင်းထားကြောင်း သိရသည်။

 

 

“ပလတ်စတစ် စွန့်ပစ်ပစ္စည်းတွေ အများဆုံးကတော ့စားသောက်ကုန်ထုပ် ပိုးပစ္စည်းတွေပါ။ လိုက်လံကောက်ယူ စုဆောင်းပြီး ကျင်းတူးပြီး မီးရှို့ပါတယ်။ တောမီးလောင်မှု မဖြစ်ပွားအောင်လည်း လူစောင့်နှင့် မီးရှို့ ပြာကျမီးငြိမ်းသွားမှ ကျင်းကိုမြေဖို့ခဲ့ပါတယ်” ဟု ခရီးစဉ်တွင် လိုက်ပါခဲ့သူ ဦးပီတာထွန်းထွန်းဝင်းက ပြောသည်။

 

ဖုန်ကန်ရာဇီဒေသကို သဘာဝဘေးမဲ့တောအဖြစ် သတ်မှတ်ထားသဖြင့် တောခုတ်ခြင်း၊ အမဲလိုက်ခြင်းများကို ခွင့်မပြုကြောင်း၊ ပြည်ပခရီးသွားဧည့်သည်များကို ပူတာအိုမြို့တွင်းသာ လည်ပတ်ခွင့်ပြုသည့်အတွက် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်အလုပ်အကိုင်များ ရပ်ဆိုင်းနေကြောင်း၊ ဒေသခံရွာသားများအနေဖြင့် တောကို လုံးဝမှီခိုနေရသောအခါ တောနေသတ္တဝါများ မျိုးတုံးအန္တရာယ် မကျရောက်သေးသော်လည်း ယခင်ကလောက် မများတော့ကြောင်း၊ သဘာဝဘေးမဲ့တောအဖြစ် ကန့်သတ်ကာကွယ်ထားသော်လည်း ဒေသတွင်းနေ ရွာသူရွာသားများမှာ ဝမ်းရေးအတွက်သစ်ခုတ်ခြင်း၊ ဆေးမြစ်တူး အမဲလိုက်ခြင်းများကိုသာ လုပ်ဆောင်ရကြောင်း ဒေသခံတစ်ဦးဖြစ်သူ ဦးအားဖုံ က ပြောသည်။

 

 

တောတောင်ထူထပ်၍ မှတ်တမ်းတင်သုတေသန မပြုရသေးသော သစ်ပင်ပန်းမန်များ၊ သစ်ခွနှင့်ဆေးပင်ဆေး မြစ်များ၊ လိပ်ပြာ၊ အင်းဆက်၊ ငှက်များ၊ တောရိုင်းတိရစ္ဆာန်များနှင့် ပြည့်နေသော ဖုန်ကန်ရာဇီရေခဲတောင်ဒေသကို ဒေသခံများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ၊ နိုင်ငံတော်အတွက် နိုင်ငံခြားသုံးငွေများ ရှာဖွေပေးမည့် သဘာဝအခြေခံ ခရီးသွားရပ်ဝန်းအဖြစ် သက်ဆိုင်ရာမှ စီမံဖော်ဆောင်ပေးရန်လည်း ဒေသခံများက လိုလားနေကြကြောင်း သိရသည်။

 

 

ပိန်းဇလုပ်သိန်းညွန့်၊ ကိုကိုနေ၊ ဓာတ်ပုံ - မိုးမင်းသိန်း (ပူတာအို)