ရေတာရှည် ၂၂ ဒီဇင်ဘာ
ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ကြံသနွယ်ကျေးရွာအုပ်စုအတွင်းရှိ ဒုတိယ ကမ္ဘာစစ်အတွင်း ဂျပန်များ အခြေစိုက်ခဲ့သော စစ်လေယာဉ်ကွင်း၊ တိုက်ပွဲဖြစ်ပွားစဉ်က ဘန်ကာများတည်ဆောက်ခဲ့သည့် နေရာများကို စိတ်ပါဝင်စားသူများ အနေဖြင့်လာရောက်လေ့လာနိုင်ရန် ခရီးသွားလုပ်ငန်းအဖြစ် အကောင်အထည် ဖော်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ညှိနှိုင်းနေခြင်းနှင့် ပတ်သက်၍ စစ်အတွင်းက ဂျပန်များအသုံးပြုသည့် နေရာများကိုပြန်လည် ဖော်ထုတ်နိုင်ပါက စစ်ပွဲအတွင်းကြုံတွေ့နေရသည်များကို ပြန်လည် အောက်မေ့နေသေးကြောင်း ကြံသနွယ်အုပ်စု၊ နန်ချွန်ရွာမနေ အသက် ၈၅ နှစ်ရှိ ဦးကြီးမောင်က ပြောသည်။
“စိုင်တမော့ကြီးနဲ့ ရထားလမ်းကြားဟာ ဂျပန်နဲ့ တရုတ်စစ်တပ်တွေ အကြီးအကျယ် တိုက်ခဲ့ကြတယ်။ အဲ့ဒီတုန်းက ကိုယ့်အသက်က ၁၃ နှစ် ၁၄ နှစ်ဆိုတော့ အားလုံးနီးပါး မှတ်မိနေသေးတယ်။ ဂျပန်တွေရောက်လာတော့ အခုမြောက်နန်ချွန်ရွာ အရှေ့ဘက် နန်ချွန်တောင်ရွာ သစ်တောကျောင်း အရှေ့မြောက်ဘက်မှာ လေယာဉ်ကွင်း ဖောက်တော့ ဒီနားမှာ ရှိတဲ့လူတွေ အကုန်ခေါ်တယ်။ အချို့လည်း ပိုက်ဆံပေးတယ်။ အချို့လည်း လုပ်အားပေးခေါ်တော့ ကိုယ်လည်းပါသွားတယ်။ အဲ့ဒီနေရာမှာ မော်တော်ယာဉ်တွေ၊ စက်လက်နက်ပစ္စည်းတွေ၊ စားနပ်ရိက္ခာတွေ စုပုံပြီးထားတာ။ ဂျပန်တွေ မရောက်လာခင်က တရုတ်စစ်တပ်က ဒီဝန်းကျင်တစ်ဝိုက်မှာ အများကြီးပဲ။ ဂျပန်တပ်တွေ ဝင်လာတော့ လေးကိုင်းပုံသဏ္ဌာန်လိုပဲ အနောက်ဘက်ဆို တောင်ငူမြို့နယ်ထဲက ဝက်ခေါက်စိန်၊ ဖောင်ဆိပ်လောက်ကနေ ရေတာရှည် အရှေ့စစ်တောင်းမြစ်အထိ ရောက်တယ်။ နည်းတဲ့တပ်တွေမဟုတ်ဘူး။ မြင်းတပ်တွေပါတယ်။ သံချပ်ကာတပ်တွေ ပါတယ်။ တရုတ်တပ်တွေက စိုင်တမော့ရွာအရှေ့ဘက်ကနေ ခံစစ်နဲ့ပြန်တိုက်တော့ သေတာပေါ့။ မြင်းတွေလည်း သေတယ်။ လေယာဉ်တွေနဲ့လည်း ဗုံးတွေကြဲတယ်။ ကိုယ်က ကလေးဆိုတော့ စပ်စပ်စုစု ကြည့်တာပေါ့။ လေယာဉ်တွေက ကောင်းကင်မှာ အမြင့်ကြီးက နေပျံတော့ နေရောင်နဲ့ လက်ခနဲ လက်ခနဲ မြင်ရတာ လေယာဉ်ဆိုတာ လည်းမသိကြဘူး။ တောသားတွေဆိုတော့ ရဟန္တာကြွတာပဲဆိုပြီး ဦးတွေကုန်းချနေကြတာ။ ဗုံးတွေကျလာမှပဲ အသက်လုပြီး ပြေးရတာပေါ။့ အဲ့လောက်ကို အ တာ” ဟု ကိုယ်တိုင်ကြုံခဲ့ရသည့် ဦးကြီးမောင် က ပြောသည်။
ဂျပန်စစ်လေယာဉ်ကွင်းကို အကာအကွယ်ပေးနိုင်ရန် တောင်နန်ချွန်ကျေးရွာရှိ သစ်တောကျောင်းဝင်းအတွင်းနှင့် အရှေ့ဘက်တောတန်းအတွင်း ဘန်ကာ ၁၇ ခုခန့်အထိ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိမြင်တွေ့ရသော အနေအထားများအရ သစ်ပင်ချုံနွယ်များ ဖုံးအုပ်လျက်ရှိသည်ကို တွေ့ရှိခဲ့ရသည်။ နန်ချွန်ရွာမ မြောက်ဘက် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း အနောက်ဘက်ရှိ အင်္ဂလိပ်အုပ်စိုးစဉ်ကတည်းက တည်ဆောက်ခဲ့သော ဘူတာရုံဟောင်းနှင့် ရေတွင်းပျက်ကြီးမှာ ယခုတိုင်လေ့လာတွေ့ရှိဆဲဖြစ်ပြီး ခရီးသွားလုပ်ငန်း၊ အပန်းဖြေစခန်းများတည်ဆောက်ပါက ဒေသခံများအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများစွာ ရရှိနိုင်မည်ဖြစ်သော်လည်း မြေရာဇဝင်နှင့် လက်ရှိမြေယာ လုပ်ကိုင်သူများအနေဖြင့် စနစ်တကျ ရှင်းလင်းဆောင်ရွက်နိုင်ရန် ဆောင်ရွက်ရဦးမည် ဖြစ်သည်။
သန်းလွင်