ညောင်ဦး ၂၅ ဒီဇင်ဘာ   

 

ဒီဇင်ဘာခရစ္စမတ်ရုံးပိတ်ရက်တွင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နှင့် ပုဂံမြို့ရှိ သမိုင်းဝင် ဘုရား၊ စေတီပုထိုးများတွင် ပြည်တွင်းပြည်ပဘုရားဖူးဧည့်သည်များ အလွန်များပြားစွာ လာရောက်လျှက်ရှိကြောင်း ထီးလိုမင်းလို ဂေါပကဥက္ကဋ္ဌ ဦးအောင်ကြိုင်က ပြောပြသည်။

 

 

ဒီဇင်ဘာ ခရစ္စမတ်ရုံးပိတ်က်၊ ကျောင်းပိတ်ရက်အတွင်း သမိုင်းဝင်ဘုရား၊စေတီပုထိုးများဖြစ်သည့်  လောကနန္ဒာစွယ်တော်မြတ်စေတီ၊ ဓမ္မရာဇကဘုရား၊ မနူဟာဘုရား၊ မြစေတီဘုရားနှင့် ကျောက်စာ၊ ရွှေစည်းခုံစွယ်တော်မြတ်စေတီ၊ ထီးလိုမင်းလို၊ ဗူးဘုရား၊ ကန်တော့ပလ္လင်၊ ပုဂံရှေးဟောင်းသုတေသနပြတိုက် ၊ တုရင်တောင်စွယ်တော်မြတ်စေတီ၊ ရှင်အဇ္ဇဂေါဏ၊ သဗ္ဗညုဘုရား၊ ဓမ္မရံကြီး၊အာနန္ဒာဘုရား၊ စူဠာမဏိ၊ ရွှေစံတော်ဘုရား၊ ငှက်ပစ်တောင်ဘုရားများတွင် ကားလမ်းကြောပိတ်သည်အထိ၊ ကားထားသည့်နေရာ အခက်အခဲဖြစ်သည်အထိ လာရောက်လေ့လာ လည်ပတ်သည့် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များပြားနေကြောင်း သိရသည်။

 

 

ပွဲတော်အချိန်မဟုတ်သည့် အချိန်အခါမှာပင် ပုဂံဒေသသည် ပြည်တွင်းပြည်ပခရီးသွား ဧည့်သည်မပြတ်သည့်မြို့ဖြစ်ကာ သီတင်းကျွတ်ရုံးပိတ်ရက်၊တန်ဆောင်တိုင်ရုံးပိတ်ရက်၊ ဒီဇင်ဘာ ခရစ္စမတ်ရုံးပိတ်ရက်တွင် ပုဂံဒေသ၏ အလွန်ရှေးကျပြီး ပကတိအတိုင်းရှိနေသေးသော ဘုရားပုထိုးစေတီများ၊ သာသနိကအဆောက်အအုံများ ယနေ့ထိတိုင်ရှိနေခြင်း၊ အုတ်ရိုး အုတ်ပုံများ၊ ပုဂံရှေးဟောင်း ယဉ်ကျေးမှုဇုန်အတွင်း စေတီဘုရားပုထိုးများ ဖူးမြှော် ကြည့်ရှုလေ့လာနိုင်ခြင်းက ပုဂံသို့ ထပ်ခါထပ်ခါ ပြန်သွားချင်သည့် ဆွဲဆောင်မှုများဖြစ်ကြောင်း ကရင်ပြည်နယ် သံတောင်လေးမြို့မှ မနန်းစုစုဌေးက ပြောသည်။ 

 

မောင်မောင်ထိန်၊ ကျောက်ပန်းတောင်း